
ဖေဖော်ဝါရီလ ၁၅ ရက်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါကားလမ်းဘေးမှာ ရှိတဲ့ ချင်းလူမျိုးတွေနေထိုင်တဲ့ သံဖိုရွာနဲ့ ကျော်ရွာကို ယမန်ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စစ်ကောင်စီကလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၁၀ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတစ်ဦးက “သံဖိုနဲ့ကျော်ရွာ ဗုံးကြဲတယ် တစ်ရွာကို ပြည်သူ ၅ ယောက်စီ ဗုံးထိပြီးတော့ သေဆုံးတယ်လို့ပြောတယ် ဝက်တစ်ကောင်ရောသေတယ် ကျားမ၊ အသက်အရွယ်တွေတော့ မသိရသေးဘူး” လို့ပြောပါတယ်။
ချင်းလူမျိုးတွေ နေထိုင်တဲ့ သံဖိုကျေးရွာကို စစ်ကောင်စီဗုံးကြဲလို့ တစ်အိမ်ထဲနေ မြေးအဖိုးနှစ်ယောက်စလုံး ပွဲခြင်းပြီးသေဆုံးခဲ့ရပြီး အဖိုးဖြစ်သူက ဦးခေါင်းပြတ်ထွက်သွားကာ သေဆုံးခဲ့ရပြီး နေအိမ်အတွင်း ဗုံးစထိမှန်သူတချို့လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အဲဒီအခြေအနေ သိရှိသူ ဒေသခံတွေဆီကနေ သိရပါတယ်။
“ ကလေး ၂ ယောက်မိခင်နဲ့ သူ့အဖိုး တစ်နေရာထဲသေဆုံးတယ်လို့ သိရတယ်၊ နောက်ပြီး သံဖိုရွာက ၁၂ နှစ်အရွယ်ကလေးတစ်ဦး၊နောက်ထပ် အမျိုးသားတစ်ဦး သေဆုံးတယ်လို့ သိရတယ် စစ်ကောင်စီက ဗုံးကြဲတာတွေကလည်း အဆက်မပြတ်ရှိတော့ သေဆုံးသူတွေကိုလည်း ဒီကနေ့ မနက်စောစောမှာဘဲ မြေမြှုပ်သဂြိုလ်တာတွေလုပ်တယ်လို့ကြားတယ် ရွာကဒေသခံတွေလည်းအခုတော့ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်” ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီနဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတဲ့ ကမ်းပါးနီတံတား အနီးမှာရှိတဲ့ ဆည်တောရွာက ဒေသခံတစ်ဝက်လောက်ဟာလည်း သံဖိုကို စစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်။
ဒေသခံတစ်ဦးက “အခုကြဲနေတာက တိုက်ပွဲမရှိဘဲနဲ့ ကလေးတောင်ပိုင်းရွာတွေအကုန်လုံးကို လိုက်ပြီး ဗုံးကြဲနေတဲ့ပုံစံပေါ့ သူတို့ ကတော့ သူတို့ထိန်းချုပ်နယ်မြေမဟုတ်ဘူးဆို လွတ်မြောက်နယ်မြေက လူတွေဆိုရင် ပြည်သူလို့ မသတ်မှတ်တော့ဘူး ဘယ်သူသေသေဆိုတဲ့ပုံစံနဲ့ ကြဲနေတာဘဲ စောနကလည်း ထပ်ချတယ်လို့ပြောတယ် တိုက်လေယာဉ်တွေနဲ့” လို့ပြောပါတယ်။
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေး – ဂန့်ဂေါ ကားလမ်းဘေးမှာရှိတဲ့ နတ်ချောင်း၊ ချောင်းခွ၊ တင်သား၊ ဟားခါးလေး၊ နတ်မြောင်း၊ ထောက်ကြန့်၊ ကြံသာ၊ ကျော်ရွာ၊ အရှေ့စည်း၊ မြောက်စည်း၊ သံဖို စတဲ့ ကျေးရွာတော်တော်များများက ဒေသခံပြည်သူထောင်ချီဟာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။