Headlines

ငဖဲမြို့နယ်မှာ တိုက်ပွဲဖြစ်ခဲ့တဲ့အနားက ဂုတ်ဝ နဲ့ ရေနွယ်အရှိုချင်းကျေးရွာက ဒေသခံ အရှိုချင်းလူမျိုး ၁၆ ဦးခန့်ကို စစ်ကောင်စီကဖမ်းဆီးသွားတယ်လို့ သိရ

ဖေဖော်ဝါရီလ ၁၂ ရက်။

တိုက်ပွဲဖြစ်ပွါးခဲ့တဲ့မကွေးတိုင်း၊ ငဖဲမြို့နယ် ပဒါန်းမြို့အနောက်ဘက် ဘုရာတောင်စခန်းကုန်းအနီးက ဂုတ်ဝ နဲ့ ရေနွယ်အရှိုချင်းရွာတွေက ဒေသခံ အရှိုချင်းလူမျိုး၁၆ ဦးခန့်ဝန်းကျင်ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဖမ်းဆီးသွားတယ်လို့ Chin Defence Force – Asho တပ်ဖွဲ့ကပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၉ ရက်နေ့ နေ့လည်က ငဖဲမြို့နယ် ပဒါန်းမြို့အနောက်ဘက် ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးရှိ ဘုရားတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကုန်းကို CDF – Asho ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ပဒါန်းမြို့အနီး စစ်စခန်းတွေဘက်ကို ပြန်ထွက်ပြေးသွားခဲ့ကြကာ တိုက်ပွဲအပြီး နောက်တစ်ရက်မှာ ဘုရားတောင်စခန်းကုန်းအနီးက ဂုတ်ဝ နဲ့ ရေနွယ်အရှိုချင်းရွာတွေက ဒေသခံ ၁၆ ဦးခန့်ဝန်းကျင်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

CDF – Asho ပြောရေးဆိုခွင့်ရှိသူက “40 mm ပစ်ခတ်ပြီးတာနဲ့ အကုန်ထွက်ပြေးသွားတယ် ကျနော်တို့စခန်းထဲရောက်တော့ စစ်ကောင်စီ တပ်သားတွေမရှိတော့ဘူး သူတို့နေတဲ့ အဆောင်တွေ ဆိုင်ကယ်တွေတော့ မီးရှို့ဖျက်စီးခဲ့ပါတယ်။ ဒေသခံ အရှိုချင်း ၁၆ ဦးခန့်ရှိမယ် ဖမ်းဆီးသွားတယ်” လို့ပြောပါတယ်။

ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးရှိ ဘုရားတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းကုန်းကို Chin Defence Force – Asho ဘက်က အနီးကပ်နေရာယူ တိုက်ခိုက်စဉ် ရန်သူဘက်က အနည်းငယ် ပြန်လည်ပစ်ခတ်မှုလောက်သာ တုံ့ပြန်ပြီး စခန်းစွန့်ခွာ ထွက်ပြေးသွားကြတယ်လို့ Chin Defence Force – Asho က ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကလည်း ထုတ်ပြန်ထားပါတယ်။

ဘုရားတောင်စခန်းကုန်းပေါ် စစ်ကောင်စီ တပ်သားတွေ နေထိုင်ခဲ့သော အဆောင်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို ပျဉ်းဝစစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်သားအားလုံးသည်လည်း ပဒါန်းမြို့အနီး စစ်ကောင်စီ တပ်စခန်းတွေဘက်ကို အသီးသီးထွက်ပြေးသွားခဲ့ကြတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *