
ဖေဖော်ဝါရီလ ၂၆ ရက်။
အာရက္ခတပ်တော် (AA) ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် မကွေးတိုင်း၊ ငဖဲမြို့နယ်က နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်၊ ကာကင်းစခန်းတွေကနေ စခန်းစွန့် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦးကို ၃ ရက်အတွင်း လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) က ဒီကနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်ရှိတဲ့ တောင်ကုန်းတွေကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်စဉ်အတွင်း ကာကင်းစခန်းတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့စလို့ နယ်မြေရှင်းလင်းဖမ်းဆီးလျှက်ရှိရာ ဒီကနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ ၃ ရက်တာအတွင်း စစ်ကောင်စီတပ်သား ၂၃ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ CDF – Asho ကထုတ်ပြန်ပါတယ်။
နတ်ရေကန်ဒေသအနီးတစ်ဝိုက်အတွင်း တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ဆက်သွယ်ပြီး အမြန်ဆုံးအလင်းဝင် ပူးပေါင်းဖို့ကိုလည်း (CDF – Asho) ကထုတ်ပြန်ထားပါတယ်။
ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho)ဟာ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်မှာ အခြေစိုက်ကာ စစ်ရေးလှုပ်ရှားနေတဲ့ ချင်းတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။


