Headlines

ငဖဲမြို့နယ်က အရှိုချင်းစစ်ရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ချင်းအမျိုးသား ၂ ဦးသေဆုံး အများအပြားထိခိုက်ဒဏ်ရာရ

ဖေဖော်ဝါရီလ ၂၅ ရက်။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း – ပဒါန်း လမ်းမပေါ်မှာရှိတဲ့ လင်းတဲကျေးရွာက ဒေသခံအရှိုချင်းစစ်ရှောင်တွေခိုလှုံနေတဲ့ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နေ့လည်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းအမျိုးသား ၂ ဦးသေဆုံးပြီး အသက်အန္တရယ်စိုးရိမ်ရ ထိခိုက်ဒဏ်ရသူလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အမ်း – ပဒါန်း လမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေဟာ လင်းတဲကျေးရွာ အနီးနားပက်ဝန်းကျင်ရောက်လာတဲ့အချိန် ဒေသခံတွေဟာ ဘုန်းကြီးကျောင်းထဲ ထွက်ပြေးခိုလှုံနေကြတာဖြစ်ပြီး အဲဒီနေရာကို မနေ့က စစ်ကောင်စီက လေကြောင်းကနေ ဗုံးသီးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒေသခံတစ်ဦးက “လင်းတဲကျေးရွာက စစ်ကောင်စီရဲ့ အမ်း – ပဒါန်း လမ်းမပေါ်မှာရှိတဲ့ နတ်ရေကန်ပျူဟာကုန်း အောက်မှာရှိတဲ့ရွာပေါ့နော် အဲဒီအနီးနားဝန်းကျင်မှာ နတ်ရေကန်ပျူဟာကုန်းရဲ့ ကာကင်းစခန်းတွေအများကြီးရှိတယ် အဲဒီစခန်းတွေကို AA နဲ့ တော်လှန်ရေးပူးပေါင်းတွေက ပြီးခဲ့လကနေ အခုလအထိ တိုက်ပွဲတွေဖြစ်နေတုန်းပေါ့နော် နတ်ရေကန်စခန်းကနေ လက်နက်ကြီးတွေပစ်တယ် လေကြောင်းတိုက်ခိုက်တာတွေ လုပ်လာတဲ့ခါကြတော့ အခုတိုက်ပွဲက နတ်ရေကန်နီးလာပြီပေါ့ လင်းတဲကျေးရွာအနီးပက်ဝန်းကျင်မှာလည်း တိုက်ပွဲတွေဖြစ်နေတဲ့ခါကြတော့ ရွာသားတွေက ဘုန်းကြီးကျောင်းကို စွန့်ပြီးပြေးနေကြတာပေါ့ အဲဒီစွန့်ပြေးခိုလှုံနေကြတဲ့ ဘုန်းကြီးကျောင်းကို မနေ့နေ့လည်တုန်းက လက်နက်ကြီးကျည်တစ်လုံးနဲ့ လေကြောင်းကနေ တိုက်တော့ အဲမှာ ချင်းအမျိုးသားနှစ်ဦးက ပွဲချင်းပြီးသေသွားတယ် ကျန်တဲ့တချို့က ထိခိုက်ဒဏ်ရာရကြတယ် ထိခိုက်ဒဏ်ရာရတဲ့သူတွေထဲကလည်း တချို့က အသက်အန္တရယ်စိုးရိမ်ရတဲ့ အခြေအနေဆိုးတဲ့သူလည်းရှိတယ် အဲဒီလူနာတွေကို ဆေးရုံပို့ထားတယ်လို့သိရတယ်” လို့ပြောပါတယ်။

အမ်း – ပဒါန်း လမ်းမပေါ်မှာရှိတဲ့ လင်းတဲကျေးရွာဟာ အိမ်ခြေ ၁၀၀ လောက်ရှိပြီး (အရှို)ချင်းလူမျိုးတွေ နေထိုင်တဲ့ ကျေးရွာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *