Headlines

ချင်းပြည်နယ်မှာ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုနိုင်မယ့် စာစစ်ဌာန ၃ ခုသာ ရှိ၊ စာမေးပွဲ တစ်ရက် အလို အထိ ဖြေဆိုခွင့် လျှောက်လွှာများ လက်ခံမယ်လို့ စာစစ် ညွှန်ချုပ်ဆို

ဖေဖော်ဝါရီလ ၂၆ ရက်။

၂၀၂၅ မတ်လ ၁၇ ရက်နေ့မှာ စတင်ဖြေဆိုရမယ့် ၂၀၂၄-၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အတွက် ချင်းပြည်နယ်တွင် စာစစ်ဌာန သုံးခု သာ ရှိ ကြောင်းဒေသခံပြည်သူများထံမှသိရကာ၊စာမေးပွဲ တစ်ရက် အလို အထိ ဖြေဆိုခွင့် လျှောက်လွှာများ လက်ခံမယ်လို့ စစ် ကောင်စီလက် အောက်ခံမြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသန့်က နိုင်ငံပိုင် မီဒီယာကတစ်ဆင့် ပြောကြားထားကြောင်း သိရှိရ ပါတယ်။

ချင်းပြည်နယ် အတွက် တက္ကသိုလ်ဝင် စားမေးပွဲ ဖြေဆိုနိုင်မယ့် စာစစ်ဌာနတွေကတော့ ဟားခါး အထက (၁)၊ တီးတိန်း အထက (၁) နှင့် အထက ခိုင်ကမ်း တို့ ဖြစ်ပြီး ဟာခါး မြို့နယ်မှာ တစ်ခု၊ တီးတိန် မြို့နယ် မှာ နှစ်ခု ရှိမှာ ဖြစ်ပါတယ်။

“ဖေဖော်ဝါရီလ ၂၇ ကနေ စာမေးပွဲ ဖြေခွင့် ကဒ်ပြား ထုတ်ယူခွင့် ပြုမယ် လို့ ကြေငြာ ထားပေမယ့် ဒေသမှာတော့ ကျောင်းသားဦးရေ ကအစ တခြား အသေးစိပ် အချက်အလက်တွေ အခုထိ မသိရ သေးဘူး။ နာမည်နဲ့ ခုံနံပါတ် ကို ကြော်ငြာဘုတ် တင်တာမျိုးလည်း မရှိသေး ဘူး” လို့ တီးတိန်မြို့နေ ကျောင်းသား မိဘ တစ်ဦး က Chin World Media ကို ပြောကြားခဲ့ ပါတယ်။

ပညာရေး ဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ ကြေငြာချက် ထဲမှာတော့ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခွဲ နဲ့ တွဲဖက် အခြေခံပညာအထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက် တန်းကျောင်းတွေမှာ တက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူ တွေအနေနဲ့ မိမိတို့ရဲ့ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ ကျောင်းအုပ် ကြီးတွေထံကနေ ထုတ်ယူရမှာ ဖြစ်တယ်လို့ ဖော်ပြထားပြီး ပြင်ပဖြေဆိုသူတွေကတော့ မိမိတို့ရဲ့ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ ဖြေဆိုရမယ့် စာစစ်ဌာနရဲ့ ကြီးကြပ် ရေးမှူး တွေထံ ကနေ ထုတ်ယူကြရမှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားကျောင်းသူတွေအနေနဲ့ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားတွေ ထုတ်ယူရာမှာ အခက်အခဲတွေ ရှိခဲ့ပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေ၊ စာစစ်ဌာန ကြီးကြပ်ရေးမှူးတွေ၊ မြို့နယ်ပညာရေးမှူးတွေ နဲ့ မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာနထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်တယ်လို့ လည်းယင်း ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

“အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အတွက် စာရင်းသွင်းဖို့ နောက်ကျတဲ့ ကျောင်းသားကျောင်းသူတွေ လည်း ဝင်ရောက်ဖြေဆိုနိုင်ရေး လျှောက်လွှာတင်သွင်းမှုကို စားမေးပွဲ မကျင်းပမီ တစ်ရက် အလို အထိ လက်ခံပေးသွားမယ်” လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသန့်က နိုင်ငံပိုင် မီဒီယာကတစ်ဆင့် ဖြေကြား ပြောဆို ထားပါတယ်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ချင်းပြည်နယ်ကနေ ကျောင်းသူ၊ ကျောင်းသား ၂၈၂၄ ဦးဖြေဆိုခဲ့ပြီး ၂၀၄၅ ဦး စာမေးပွဲ အောင်မြင်ခဲ့ ပါတယ်။ ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ ချင်းပြည်နယ်ကနေ ဖြေဆိုသူ ၄၀၁ ဦးရှိပြီး အထူးအစီအစဉ်နဲ့ ဧပြီလမှာ ပြန်လည်ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာဖြေဆိုသူ ကျောင်းသား/ကျောင်းသူ ၃၄ ဦး နဲ့ စုစုပေါင်း ၄၃၅ ဦး ရှိခဲ့ပြီး ချင်းပြည်နယ် ပညာရေး သမိုင်းမှာ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ အနည်းဆုံး နှစ် အဖြစ် စံချိန်ဝင်ခဲ့ကာ ၃၃၈ ဦး အောင်မြင်ခဲ့ ပါတယ်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမယ့် ကျောင်းသူကျောင်းသား ၂၂၀,၀၀၀ ဦး ကျော်ရှိပြီး ဖြေဆိုသူ ၁၂၈,၈၀၁ ဦးသာ ရှိခဲ့တဲ့ မနှစ်( ၂၀၂၄ခုနှစ်) ကထက် ၉၀,၀၀၀ဦး ကျော် ပိုများလာတယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်မှ မတ်လ ၂၂ ရက် အထိ ပိတ်ရက်မရှိ မိမိတို့ ရွေးချယ် ထားသည့် ဘာသာတွဲ အလိုက် ဖြေဆိုသွားမယ်လို့ မြန်မာ နိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *