Headlines

ကလေး-ဂန့်ဂေါ လမ်းကကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ အဆက်မပြတ် ဗုံးပတ်ကြဲနေတာကြောင့် ဒေသခံ ၅ ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

ဖေဖော်ဝါရီလ ၁၃ ရက်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါကားလမ်းဘေးမှာ ရှိတဲ့ ကျေးရွာတွေကို ယမန်နေ့ကနေ ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ စစ်ကောင်စီတပ်ကလေကြောင်းကအဆက်မပြတ်ဗုံးပတ်ကြဲနေတာကြောင့် ဒေသခံ ၅ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကလေးဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးပြောတာက “ဂျက်ဖိုက်တာတွေက ခဏလေးပြန်သွားတာမျိုးဘဲရှိတယ် Y -12 က အဓိကကြတယ် လေယာဉ်သေးသေးနဲ့ ဗုံးတွေအများကြီးတင်ပြီးမှ လူနဲ့ပစ်ချတာဆိုတော့ ပတ်ပြီးမှကို ချတယ် တစ်ခါချရအလုံး ၃၀ ၊ ၅၀ ချတယ် သူက အကြာကြီးလည်းပျံနိုင်တာဆိုတော့ မနေ့ညကနေ ဒီကနေ့ထိပေါ့ ကလေးမြို့လေယာဉ်ကွင်းမှာဆင်းပြီးရင် လေယာဉ်ဆီတွေ ဖြည့်ပြီးပြန်တက်ပြီး ပတ်ကြဲနေတာပေါ့ ကလေးတောင်ပိုင်းဘက်က တစ်ရွာထဲလို့ ပြောလို့မရဘဲ အကုန်အနှံကြဲနေတာပေါ့ ထိခိုက်၊ ဒဏ်ရာရတာတော့ သေချာမသိရသေးဘူး” လို့ပြောပါတယ်။

ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါကားလမ်းဘေးက ကျေးရွာ ၁၀ ကျော်ကို စစ်ကောင်စီက နေ့နေ့ညည ဗုံးပတ်ကြဲနေတာကြောင့် ဒေသခံတွေ တောတောင်တွေထဲ တိမ်းရှောင်နေရပြီး၊ ထမင်းချက်လို့ မီးခိုးထွက်ရင်လည်း ဗုံးကြဲချနေတာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ မကွေးတိုင်းထိစပ်နေတဲ့ ဆည်တောကျေးရွာနားက ကလေး – ဂန့်ဂေါလမ်း ကမ်းပါးနီတံတားအနီးမှာရှိိတဲ့ စစ်ကောင်စီနဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် အခုလို လေကြောင်းကနေ နေ့နေ့ညည ဗုံးကြဲတာလို့သိရပြီး စစ်ကောင်စီက အဆိုပါ တိုက်ပွဲအတွက်လည်း လေကြောင်းသုံးပြီး စစ်ကူအင်အား ပို့တာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး – ဂန့်ဂေါ ကားလမ်းဘေးမှာရှိတဲ့ နတ်ချောင်း၊ ချောင်းခွ၊ တင်သား၊ ဟားခါးလေး ၊ နတ်မြောင်း၊ ထောက်ကြန့်၊ ကြံသာ၊ ကျော်ရွာ၊ အရှေ့စည်း၊ မြောက်စည်း စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ တောတောင်တွေကြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *