Headlines

ကလေး – ဂန့်ဂေါလမ်းပေါ်က ကမ်းပါးနီတံတားစစ်ကောင်စီတပ်စခန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်၊ စစ်ကောင်စီတပ်ကအများအပြားသေဆုံးခဲ့ကာ လက်နက်အမြောက်များလည်း ရခဲ့တယ်လို့သိရ

ဖေဖော်ဝါရီလ ၁၄ ရက်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါကားလမ်းပေါ်က ကမ်းပါးနီ တံတားအနီးက စစ်ကောင်စီ တပ်စခန်းကို ဒေသတော်လှန်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီး
စစ်ကောင်စီတပ်ကအများအပြားသေဆုံးခဲ့ကာ၊လက်နက် အမြောက်များလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “တော်လှန်ရေးလူတွေကလည်း တင်နေကြတယ်ဆိုတော့ သိမ်းပြီလို့ပြောတယ် ရတဲ့လက်နက်တွေလည်းပြထားတာဆိုတော့ အခုဟာက တခြားဘက်တွေကိုပါ ဆက်လုပ်နေလို့ အဲလောက်လေယာဉ်နဲ့ ဗုံးကြဲနေတယ်လို့ သိရတယ် နတ်ချောင်းရွာကိုလည်း ဒီမနက်ကြဲတယ်လို့ သိရတယ်” လို့ပြောတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအစပ်နားမှာတည်ရှိတဲ့ ကမ်းပါးနီတံတားအနီးက စစ်ကောင်စီတပ်စခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အများအပြားသေဆုံးခဲ့သလို သုံ့ပန်း၂၀ ကျော်ကိုလည်း ဖမ်းဆီးရမိကာ လက်နက်ခဲယမ်း အများအပြားလည်း ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဘက်က သိမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ပွဲကြောင့် စစ်ကောင်စီက ကလေး – ဂန့်ဂေါ ကားလမ်းပေါ်ရှိတဲ့ ကျေးရွာ ၁၀ ရွာထက်မနည်းကို နေ့စဉ်အဆက်မပြတ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံ တစ်သောင်း ခန့်က တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

ကမ်းပါးနီတံတားအနီးက စစ်ကောင်စီတပ်စခန်းဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်တွေနဲ့ နယ်နိမိတ်ထိစပ်နေသလို တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးလှုပ်ရှားမှု အခြေအနေတွေကို စောင့်ကြည့်ဖို့နဲ့ ကုန်စည်စီးဆင်းမှုအတွက် အရေးပါတဲ့ နေရာဖြစ်တာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီက လေကြောင်းနဲ့ အသည်းအသန် ခုခံကာကွယ်ခဲ့ရတဲ့ နေရာလို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *