Headlines

ကနေဒါနိုင်ငံအစိုးရအနေနဲ့ သူ့နိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့်အတွက် ၃ နှစ်အတွင်း ကမ္ဘာအနှံ့က လူဦးရေ ၁၁ သိန်းကျော် ခေါ်ယူမယ်

ဖေဖော်ဝါရီလ ၂၆ ရက်။

ကနေဒါနိုင်ငံ လူဝင်မှုကြီးကြပ်ရေး၊ ဒုက္ခသည်များနဲ့ နိုင်ငံသားဖြစ်ရေး – ကနေဒါ (Immigration, Refugee and Citizenship Canada – IRCC ) အနေနဲ့ ၂၀၂၅ ခုနှစ်အတွင်းကနေစပြီး သုံးနှစ်အတွင်း ကနေဒါနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်အတွက် နိုင်ငံတကာကနေ လူဦးရေ ၁၁ သိန်းကျော် ခေါ်ယူမယ်လို့ ဒီနေ့ဖေဖော်ဝါရီလ ၂၆ ရက်မှာသတင်းထုတ်ပြန်လာပါတယ်။

ကနေဒါနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် (PR) ဖြင့် ၂၀၂၅ ခုနှစ်မှာ ၃၉၅၀၀၀၊ ၂၀၂၆ ခုနှစ်မှာ ၃၈၀၀၀၀ နဲ့ ၂၀၂၇ ခုနှစ်မှာ ၃၆၅၀၀၀ အထိနိုင်ငံတကာကနေ ခေါ်ယူသွားမှာဖြစ်တယ်လို့ IRCC က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

“ဒီကာလမှာ ကနေဒါနိုင်ငံအနေနဲ့ ဒုက္ခသည်များကို လက်ခံဖို့ကိစ္စကြေညာလာတာနဲ့ မလေးရှားအခြေစိုက် UNHCR က တတိယနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်အတွက်လျှောက်ထားသူတွေကို အင်တာဗျူးရက်ချိန်းယူဖို့ ကြေညာလာတာတိုက်တိုက်ဆိုင်ဆိုင်ဖြစ်တော့ဝမ်းသာစရာပါပဲ၊ တစ်နည်းတစ်ဖုံတော့ သူတို့ချိတ်ဆက်နေပြီးသားဖြစ်မယ်လို့ထင်တယ်။ ကနေဒါကတော့ ဒုက္ခသည်များဆိုင်ရာနိုင်ငံရေးခိုလှုံခွင့်ဆိုတဲ့စကားမျိုးမသုံးဘူး။ ကနေဒါနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်ဆိုပြီးနိုင်ငံတကာက အလုပ်သမားတွေကိုခေါ်ယူတယ်လို့သုံးတာတွေ့ရတယ်” လို့ မလေးရှားနိုင်ငံ က ချင်းဒုက္ခသည်များအရေးကူညီဆောင်ရွက်ပေးသူတစ်ဦးကပြောပါတယ်။

IRCC အနေနဲ့ ကနေဒါနိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့်အတွက် အခုခေါ်ယူမှုဟာ ၂၀၂၂ ကနေ ၂၀၂၄ ကာလမှာခေါ်ယူခဲ့တဲ့ အရေအတွက်ထက်တော့ လျှော့ကျသွားတယ်လို့ AIMSမြန်မာရုံးက ၎င်းတို့လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားပါတယ်။

ကနေဒါနိုင်ငံအနေနဲ့ လာမယ့်နှစ်များအတွင်း ရင်ဆိုင်ရမယ့် လူမှုရေး နဲ့ စီးပွားရေးဆိုင်ရာစိန်ခေါ်များကို စီမံခန့်ခွဲရန်၊ လုပ်သားရှားပါးမှုနဲ့ စီးပွားရေးတိုးတက်လာစေရန် ကမ္ဘာအရပ်ရပ်က Skilled worker များကို အမြဲတမ်းနေထိုင်ခွင့် (PR) ပေးပြီး အလေးထားဆောင်ရွက်သွားမယ်လို့ IRCC ကထုတ်ပြန်ပါတယ်။

အရင်ကတော့ ကျွမ်းကျင်လုပ်သားများကို အဓိကခေါ်ယူခဲ့တာဖြစ်ပေမယ့် အခုအခါမှာတော့ ပိုမိုများပြားတဲ့ ကဏ္ဍတွေအတွက် အမြဲတမ်းနေထိုင်ခွင့်အတွက် ခေါ်ယူမှာဖြစ်တယ်လို့ ဆိုပါတယ်။ အခုခေါ်ယူမယ့် လုပ်ငန်းကဏ္ဍတွေကတော့ ကျန်းမာရေးကဏ္ဍ၊ နည်းပညာကဏ္ဍ၊ သိပ္ပံပညာကဏ္ဍ၊ အင်ဂျင်နီယာကဏ္ဍ၊ စာရင်းအင်းအတွက်အချက်ပိုင်းဆိုင်ရာ၊ ကုန်သွယ်ရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ နဲ့ စိုက်ပျိုးရေးကဏ္ဍတွေအတွက် အဓိကခေါ်ယူသွားမယ်လို့ သိရပါတယ်။

အမေရိကန်အစိုးရအနေနဲ့ ဒုက္ခသည်များခေါ်ယူရေးအစီအစဉ်ကိုဆိုင်းငံ့ပြီးနောက် မလေးရှားနိုင်ငံကလည်း ဒုက္ခသည်များကို တရားဝင်အလုပ်လုပ်ပိုင်ခွင့်အတွက် မလေးရှားအစိုးရနဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး ( UNHCR) တို့ထံ တရားဝင်မှတ်ပုံတင်ထားသူတွေကိုလက်ခံသွားမှာဖြစ်တယ်လို့ ဖေဖော်ဝါရီလဆန်းပိုင်းကကြေညာခဲ့သလို မလေးရှားနိုင်ငံအခြေစိုက် UNHCR ရုံးကလည်း ဒုက္ခသည်များဆိုင်ရာ နိုင်ငံရေးခိုလှုံခွင့်ကဒ်အတွက် ၂၀၁၉ ကနေ ၂၀၂၂ ကြား UN လျှောက်ထားသူများအနေနဲ့ UNHCR ရုံးကို ဆက်သွယ်ပြီး ရက်ချိန်းယူဖို့ ကြေညာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *