Headlines

ကက်သလစ်ဘုန်းတော်ကြီး အသတ်ခံရမှုဟာ အလွယ်တကူမေ့ပျောက်မယ့်အရာမဟုတ်တဲ့အပြင် ကျူးလွန်သူများကို ထိုက်သင့်စွာအရေးယူပေးဖို့ ကာဒီနယ်ချားလ်စ်ဘို တိုက်တွန်း

ဖေဖော်ဝါရီလ ၁၆ ရက်။

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာမှ ဘုန်းတော်ကြီး Father Donald Martin ကိုဓားဖြင့်ခုတ်သတ်မှုဟာ အလွယ်တကူ မေ့ပျောက်မယ့်အရာမဟုတ်တဲ့အပြင် ကျူးလွန်သူတို့အား ထိုက်သင့်တဲ့ အရေးယူခြင်းနဲ့ တရားမျှတမှုဖော်ဆောင်ပေးကြပါလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဌ ကာဒီနယ် ချားလ်စ်ဘို ကတိုက်တွန်းကြောင်း မနေ့ဖေဖော်ဝါရီလ ၁၅ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

Father Donald Martin ရဲနိုင်ဝင်းဟာသက်တော် ( ၄၄ နှစ်)၊ ၀ါတော် (၇ နှစ်) ရှိပြီဖြစ်တယ်လို့ သိရပြီးစစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကံကြီးတောကျေးရွာမှာ တာဝန်ကျသူဖြစ်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ညမှာ လက်နက်ကိုင်တစ်စုက ဓားနဲ့ ခုတ်ဖြတ်လို့ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

ဘုန်းတော်ကြီးဟာ ဘုရားကျောင်းအတွင်းမှာ သတ်ဖြတ်ခံရခြင်းဖြစ်ပြီး လည်ကုတ်နဲ့ ရင်ဘတ်တွေမှာ မသေမချင်းခုတ်ဖြတ်ထားတဲ့ဒဏ်ရာတွေနဲ့ သေဆုံးတယ်လို့သိရပါတယ်။ ဘုန်းတော်ကြီးကိုသတ်ဖြတ်သူများဟာ ရွှေဘိုမြို့နယ်၊ တအုံကျေးရွာ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဖြစ်တယ်လို့ သိရတဲ့အတွက် ခေါင်းဆောင် တိုက်ကော အပါ ၁၀ဦးကို ရွှေဘိုခရိုင် PDF တပ်ရင်း ၅က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရပါတယ်။

ကာဒီနယ်ချားလ်စ်ဘိုက ဒီဆုံးရှုံးဟာ မန္တလေးဂိုဏ်းချုပ်ဆရာတော်ကြီး မာကုတင်ဝင်းနဲ့အတူ ဘုန်းတော်ကြီးများ၊ သူတော်စင်များ၊ ဘာသာဝင်ညီအစ်ကိုများ၊ ဆွေမျိုးများနဲ့အတူ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကက်သလစ်အသင်းတော်များ ဝမ်းနည်းရကြောင်း၊ ဘုရားသခင်အနေနဲ့ သင်တို့နဲ့အတူ ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးများနှစ်သိမ့်ပေးပါစေလို့ ရေးသားထားပါတယ်။

“သေဆုံးသူ Father Donald Martin ရဲနိုင်ဝင်းနဲ့အတူ အပြစ်မဲ့သူများစွာတို့ရဲ့ သွေးမြေကျကာ အသက်နဲ့ ခန္ဓာပေးဆပ်ရခြင်းတို့ဟာ နိုင်ငံအနှံ့မှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် ဆက်ကပ်ပူဇော်ခြင်းဖြစ်ပါစေ။ ဤကဲ့သို့ တွေ့ကြုံရတဲ့ စိတ်နှလုံးကြေကွဲဖွယ်ရာများမှ သင်ခန်းစာယူလျက် ညီအစ်ကိုမောင်နှမစိတ်ထားများ ရှင်သန်နိုးကြားလာပြီး အကြမ်းဖက်မှုများရပ်တန့်ကြပါရန် အလေးအနက်မေတ္တာရပ်ခံအပ်တယ်” ကာဒီနယ်ချားလ်စ်ဘိုက သူ့ရဲ့ကြေညာချက်မှာရေးသားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *