
ဇန်န၀ါရီလ ၂၂ ရက်။
ချင်းပြည်နယ်၊ ဟွာလ်းငိုးရမ်းဒေသအတွင်း CDF – Hualngoram အမည်ကို အလွဲသုံးစားလုပ်ပြီး ပြည်သူတွေကို ခြိမ်းခြောက်တာတွေ သတင်းမှားဖြန့်တာတွေကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်တော့မယ်လို့ CDF – Hualngoram က ဇန်နဝါရီလ ၂၁ ရက်နေ့ရက်စွဲနဲ့သတင်းထုတ်ပြန်ပါတယ်။
အိန္ဒိယ – မြန်မာနယ်စပ်မှာရှိတဲ့ ဟွာလ်းငိုးရမ်းဒေသထဲက ရိဒ်ခေါဒါရ်မြို့နယ်အတွင်း CDF – Hualngoram နာမည်တွေသုံးပြီး မူးရှုးသောင်းကြမ်းတာ၊ အဖွဲ့အစည်းနာမည်ပျက်အောင် တမင်ရည်ရွယ်ချက်တွေနဲ့ ပြည်သူတွေကို ခြိမ်းခြောက်တာတွေ ရှိလာတာကြောင့် အခုလို ထုတ်ပြန်ရတာလို့ CDF – Hualngoram က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“ကျနော်တို့က နယ်စပ်ဒေသဖြစ်တဲ့အခါကြတော့ ကျနော်တို့ဒေသမှာ နယ်အသီးသီးကလာတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ တစ်ချို့က လက်နက်ပါတယ် တချို့ကလက်နက်မပါဘူးပေါ့နော် နယ်စပ်ဒေသဖြစ်တော့ အဝင်အထွက်များတော့ ကျနော်တို့က ဒီကိစ္စတွေကို ဒီပြဿနာတွေ ခနခန ကြုံရတဲ့ခါကြတော့ ကျနော်တို့ပြည်သူတွေအနေနဲ့လည်း ဒီလိုမျိုးကိစ္စတွေကြုံရတဲ့ခါ သေချာစီစစ်ပြီး ကျနော်တို့ဆီမှာတိုင်ကြားလို့ရတယ် ပြည်သူတွေသိအောင် ကျနော်တို့က ကြိုတင်ပြီးတော့ အသိပေးထုတ်ပြန်ရခြင်းဖြစ်တယ် အဲလိုမျိုးကိစ္စကြုံလာရင် ဒီထက်ပိုမိုပြင်းထန်တဲ့ အရေးယူရမယ် ဘာလို့လည်းဆိုတော့ ဒီကိစ္စက ကျနော်တို့ အဖွဲ့အစည်းနာမည်ကို အများကြီးနစ်နာစေတယ် ပုံရိပ်လည်းကျစေတယ် တချို့က ရည်ရွယ်ချက်ရှိရှိ သတင်းမှားဖြန့်ပြီးတော့ ကျနော်တို့နာမည်အလွဲသုံးစားလုပ်မှုတွေလည်း ကျနော်တို့ စုံစမ်းသိရှိရတာတွေရှိတယ် တချို့ကမူးလို့ဖြစ်ဖြစ် တချို့ကတမင်တကာ ရည်ရွယ်ချက်ရှိရှိ ကျနော်တို့ ပုံရိပ်ကျဆင်းအောင် ဖန်တီးပြီး သတင်းမှားဖြန့်ပြီး ကျနော်တို့နာမည်သုံးပြီး ခြိမ်းခြောက်မှုတွေရှိလို့ ဒီဟာကို ပိုပြီးတော့ မဖြစ်အောင် ကြိုတင်တားဆီးတဲ့အနေနဲ့ ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်ရခြင်းဖြစ်တယ်” လို့ Hualngoram က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ၁ လ၊ ၂ လောက်က ရိဒ်ရေကန်သွားတဲ့လမ်းမှာ CDF ရဲဘော်တွေဟာ မူးပြီးဆိုင်ကယ်နဲ့ ယာဉ်တိုက်မှုဖြစ်ခဲ့စဉ်ကလည်း တစ်ဖက်လူကို မတောင်းပန်တဲ့အပြင် ဟွာလ်းငိုးရမ်းရဲဘော်တွေ ဆိုပြီးသူတို့ခြိမ်းခြောက်တာမျိုးတွေလုပ်ခဲ့တာမျိုးတွေရှိတဲ့ အကြောင်းနဲ့ တချို့ကို တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးချုပ်နောင်ထားတာမျိုးလည်း ရှိတဲ့အကြောင်း Hualngoram က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

