Headlines

၂ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၂ ဦးကိုလက်နက်နဲ့တကွ အရှင်ဖမ်းဆီးရမိကြောင်း CDF-Asho က ထုတ်ပြန်

ဇန်န၀ါရီလ ၁၆ ရက်။

၂ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၂ ဦး အရှင်ဖမ်းဆီးရမိပြီး လက်နက်ငယ် (၁၅) လက်၊ စိန်ပြောင်း (၁) လက်တို့အပြင် ခဲယမ်းနဲ့ စစ်သုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို(CDF-Asho) က ဒီကနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့က အမ်းမြို့နယ် ဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၅ ဦးကို ငဖဲမြို့နယ်၊ ဂုတ်စည်းရို်းရွာအနီးမှာ တားဆီးပိတ်ဆို့စဉ် အသာတကြည် လက်နက် မချလို့ ပစ်ခတ်ဖမ်းဆီးခဲ့ကာ ၂ ဦးဟာ အပြင်းအထန် ဒဏ်ရာရပြီး အချိန်မှီဆေးကုသမှုပေးခဲ့သော်လည်း ကုသစဉ်အတွင်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့ကလည်း အမ်းမြို့နယ်၊ တောင်ဇောက်ရွာအနီး တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီအင်အား ၁၀၀ ခန့်ကို ငဖြဲမြို့နယ်၊ ရှောက်တောင်ရွာအနီး (က.ပ.စ ၁၄) နဲ့ မီတာ (၂၀၀) ခန့်အကွာမှာ တားဆီးခဲ့ရာ အသာတကြည် လက်နက်မချတဲ့အတွက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦး ပွဲချင်းပြီး ေသဆုံးခဲ့ကာ အဲဒီထိတွေ့တိုက်ပွဲအပြီး စစ်ကောင်စီဘက်က ဖွဲ့စည်းပုံပျက်ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် စစ်ကောင်စီတပ်သား၈ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်လက်ပြီး ထွက်ပြေးလွတ်မြောက််လျှက်ရှိတဲ့ စစ်ကောင်စီတပ်သားတွေကို နယ်မြေရှင်းလင်း ရှာဖွေလျှက်ရှိပြီး ထပ်မံပြီး သတင်းထုတ်ပြန်ပေးသွားမယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို ကဆိုပါတယ်။

ချင်းကာကွယ်ရေးတပ် – အရှိုဟာ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ တစ်ခုလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *