Headlines

၂ နှစ် အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ၁၅၀ ခန့် ဖမ်းဆီးရမိခဲ့တယ်လို့ CDF – Asho ပြောရေးဆိုခွင့်ရှိသူကဆို

ဇန်နဝါရီလ ၂၂ ရက်။

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းနယ်စပ်ဒေသမှာ စစ်ကောင်စီနဲ့ တိုက်ခိုက်လာတဲ့ ၂ နှစ်တာအတွင်း စစ်ကောင်စီဘက်က ၂၀၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ၁၅၀ ခန့် ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho)တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

CDF – Asho တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက “စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း ၂၅ ကျော်ဖြစ်ခဲ့တယ် အဲဒီမှာ စစ်ကောင်စီတပ်ဖွဲ့ဘက်က ၂၀၀ ကျော်သေဆုံးတယ်၊ စစ်သုံ့ပန်းအဖြစ် ၁၅၀ ခန့်ဖမ်းဆီးရမိတယ်၊ CDF – Asho ဘက်က ၁ ယောက်ကျတယ်၊ ၁ ဦးဒဏ်ရာရတယ်။ရခိုင်နဲ့ မကွေးနယ်စပ်မှာ စစ်ရေးလှုပ်ရှားရတာ ဆက်သွယ်ရေးပိုင်းမှာတော့ အခက်အခဲရှိတယ် ဒါကြောင့် အခုဆက်သွယ်ရေးစက်တွေဝယ်ဖို့ ကမ်ပိန်းလုပ်ထားပါတယ်၊ အာရက္ခတပ်တော် (AA) နဲ့လည်း ချိတ်ဆက်မှုတွေတော့ရှိပါတယ်၊ နောက်ပြီး ချင်းပြည်နယ်ဘက်က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း ချိတ်ဆက်မှုတွေတော့ ရှိပါတယ်”လို့ပြောပါတယ်။

ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) ဖွဲ့စည်းတည်ထောင်တာလည်း ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ၂ နှစ်ပြည့်ခဲ့ပြီလို့လည်း သိရပါတယ်။

ချင်းကာကွယ်ရေးတပ် – အရှို အနေနဲ့ စစ်အာဏာရှင်စနစ် အားလုံးချုပ်ငြိမ်းရန်၊ အဖိနှိပ်ခံပြည်သူတစ်ရပ်လုံးအား ကာကွယ်သွားရန်နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးအတွက် အဆုံးတိုင် ဆက်လက်ပြီး တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းကိုလည်း ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်မှာ သဘောထားထုတ်ပြန်ထားပါတယ်။

ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) အနေနဲ့ လက်ရှိမှာလည်း ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်မှာ တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးတာသုံ့ပန်းအဖြစ်ဖမ်းခံရတာတွေလည်း များနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *