Headlines

အိန္ဒိယ – မြန်မာ နှစ်နိုင်ငံနယ်စပ် လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် ပြန်လည်ခွင့်ပြုပေးဖို့ (ZORO) အဖွဲ့ကတောင်းဆို

ဇန်နဝါရီလ ၇ ရက်။

အိန္ဒိယ – မြန်မာ နှစ်နိုင်ငံနယ်စပ် လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်(FMR-Free Movement Regime) ကို အိန္ဒိယဗဟိုအစိုးရက ပြန်လည်ခွင့်ပြုပေးဖို့ ဇိုး(ချင်း)မျိုးနွယ်စုများ ပြန်လည်ပေါင်းစည်းနေထိုင်ရေး လိုလားတဲ့ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်အခြေစိုက် (Zo Reunification Organization – ZORO)အဖွဲ့ က ဇန်နဝါရီလ ၆ ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်ကာတောင်းဆိုခဲ့တယ်လို့သိရပါတယ်။

ZORO အဖွဲ့က “အိန္ဒိယဗဟိုအစိုးရက လွပ်လပ်စွာသွားလာခွင့် (FMR)ကို ဖျက်သိမ်းပြီး နယ်စပ်ဖြတ်ကျော်ဖို့ ခွင့်ပြုချက်ယူဖို့ လိုအပ်လာတဲ့အပေါ် မိမိတို့အနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်၊ ဌာနေတိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကြေညာစာတမ်း (UNDRIP) ကြေညာစာတမ်း အပုဒ် ၃၆ ပုဒ်မ ၁ နဲ့ ၂ မှာဖော်ပြထားတဲ့ မိမိတို့ရဲ့ အခွင့်အရေးရပိုင်ခွင့်တွေ ချိုးဖောက်ခံရတာဖြစ်ပါတယ်၊ ဒါကြောင့် FMR ကို ပြန်လည်ခွင့်ပြုပေးဖို့ တောင်းဆိုပါတယ်၊ မိမိတို့ရဲ့ အခွင့်အရေး ရပိုင်ခွင့်တွေ ပြန်လည်ရရှိဖို့ အတွက် နောက်ဆုံးအထိဆက်လက်တိုက်ပွဲဝင်သွားမယ်” လို့ ZORO အဖွဲ့က တောင်းဆိုချက် ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံကို ဆက်သွယ်ထားတဲ့ ဇိုခေါထာရ် – ရိဒ်ခေါဒါရ် အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးလမ်းကနေ နှစ်နိုင်ငံ ကူးသန်းသွားလာခွင့်တွေကို အိန္ဒိယဗဟိုအစိုးရက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစလို့ ကန့်သတ်မှုတွေပြုလုပ်ခဲ့တာကြောင့် မြန်မာပြည်ကစစ်ရေးပဠိပက္ခတွေကြောင့် အိန္ဒိယဘက်ခြမ်းခိုလှုံ နေတဲ့ သောင်းချီတဲ့ ချင်းစစ်ဘေးရှောင်တွေအတွက် အခက်ခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း သိရပါတယ်။

အိန္ဒိယ – မြန်မာ နယ်စပ်အနီးဝန်းကျင်နေထိုင်သူ တစ်ဦးက “အိန္ဒိယ ဘက်ကနေ အဝင်အထွက်တွေ ခွင့်မပြုတော့ဘူး အိန္ဒိယလူမျိုးဆိုရင် နယ်စပ်ဖြတ်ကျော်ခွင့်ကဒ်(Boader Pass) ထုတ်ပေးပြီးတော့ အဲဒီကဒ်နဲ့ တဘက်ကို ၇ ရက်နေထိုင်နိုင်တယ် ပြန်လာရင် အဲဒီကဒ်ကို ပြန်ပြရတယ်ပေါ့ မြန်မာနိုင်ငံသားဆိုရင် CDF တွေဆီမှာ စာရင်းပေးပြီး သူတို့ထောက်ခံစာနဲ့ဘဲ အိန္ဒိယဘက် ပြန်ဝင်လို့ ရတယ်ဆိုတာမျိုးတော့ သိထားတယ်” လို့ပြောပါတယ်။

အိန္ဒိယ – မြန်မာ နယ်စပ်တလျှောက်က ဒေသခံတွေအနေနဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံအကြား ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ၁၆ ကီလိုမီတာအထိ အတားအဆီးမရှိ လွတ်လပ်စွာသွားလာခွင့်(FMR)ကို ၁၉၆၈ ခုနှစ်က ပြဌာန်းခဲ့ပါတယ်။

လွတ်လပ်စွာသွားလာခွင့်(FMR) ကို အိန္ဒိယဗဟိုအစိုးရက ၂၀၂၅ ခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့ကစလို့ ဖျတ်သိမ်းလိုက်ပြီးနောက်ချင်းပြည်နယ်ဖလမ်းမြို့နယ်၊ရိခေါဒါရ်မြို့နဲ့ မီဇီုရမ်ပြည်နယ် ဇိုခေါဒါရ်ရွာကိုအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးလမ်းကတဆင့်၊နယ်စပ်ကတဆင့် ဝင်ထွက်သွားလာခွင့်ကို အိန္ဒိယဗဟိုအစိုးရက တင်းကြပ်လိုက်တာလည်းဖြစ်ပါတယ်။

Zo Reunification Organization – ZORO အဖွဲ့ ဟာ ကိုလိုနီဗြိတိသျှအစိုးရရဲ့နယ်နိမိတ်ပိုင်းခြားသတ်မှတ်မှုကြောင့် အိန္ဒိယ – မြန်မာ – ဘင်္ဂလားဒေရှ့် စတဲ့ ၃ နိုင်ငံမှာ ပြန့်နှံ့နေထိုင်ခဲ့ရတဲ့ ဇိုး(ချင်း) မျိုးနွယ်စုများ ပြန်လည် ပေါင်းစည်းနေထိုင်ရေး လိုလားတဲ့ မီဇိုရမ်ပြည်နယ်က အရပ်ဘက်အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်။

မြန်မာ – အိန္ဒိယနယ်စပ်က ဖလမ်းမြို့နယ်၊ရိဒ်ခေါဒါရ်မြို့က စစ်ကောင်စီရဲ့ ရိဒ်ခေါဒါရ်တပ်စခန်းနဲ့ တီးအိုချောင်းစစ်စခန်းတွေကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *