
ဇန်နဝါရီလ ၁၉ ရက်။
အိန္ဒိယဗဟိုအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက အိန္ဒိယ-မြန်မာ လွတ်လပ်စွာနယ်စပ်ဖြတ်ကျော်ခွင့် Free Movement Regime (FMR) ကိုဖျက်သိမ်းပြီး ၂ နိုင်ငံ နယ်စပ်ဖြတ်ကျော်ခွင့်အတွက် ခွင့်ပြုချက်အထောက်အထားများတောင်းခံတဲ့ စနစ်သစ်ကို ကျင့်သုံးလာတဲ့အပေါ် ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်မှုကို ဇန်နဝါရီလ (၂၉) ရက်နေ့မှာ မီဇိုရမ်ပြည်နယ်အနှံ့ပြုလုပ်မှာဖြစ်တယ်လို့ ZORO အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ R.Sangkawia ကပြောကြားလိုက်ကြောင်း India Today မီဒီယာကဇန်နဝါရီ ၁၇ ရက်နေ့မှာ ဖော်ပြပါတယ်။
အဆိုပါဆန္ဒထုတ်ဖော်မှုကို မီဇိုရမ်ပြည်နယ်အခြေစိုက် Zo Re – Unification Organization (ZORO) အဖွဲ့နဲ့ Chin, Kuki, Mizo အရပ်ဖက် အဖွဲ့အစည်းများရဲ့ ဦးဆောင်မှုနဲ့ ဆန္ဒဖော်ထုတ်သွားမှာဖြစ်ပြီး အင်ဒို – မြန်မာနယ်စပ် ခြံစည်းရိုးကာခြင်း၊ စစ်ရှောင်များအား နေရပ်ပြန်ပို့တဲ့ဖြစ်ရပ်များကိုလည်း ကန့်ကွက်ကြောင်းဆန္ဒဖော်ထုတ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်ရှောင်ဒုက္ခသည်များအဖွဲ့အထွေထွေအတွင်းရေးမှုး L.RAmdinliana Renthlei က “အိုင်ဇောလ်နဲ့ မီဇိုရမ်ပြည်နယ်တွင်းက ဒေသအတော်များများမှာ ဆန္ဒဖော်ထုတ်ပွဲကို လုပ်ဖို့ အစည်းအဝေးကလည်းဆုံးဖြတ်ပြီးပါပြီ။ ဗဟိုအစိုးရရဲ့ ဆုံးဖြတ်ချက်တွေကို အဓိကကန့်ကွက်သွားဖို့ဖြစ်ပါတယ်” လို့ပြောပါတယ်။
ဇန်နဝါရီလ (၅) ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ခရစ်စမတ်ကာလကတည်းက ခြေကျင်နဲ့ မီဇိုရမ်ပြည်နယ်တွင်းကို စစ်ရှောင်လာတဲ့ဒုက္ခသည် ၂၈ ဦးကို Assam Rifles ရဲ့တပ်စခန်းမှာ လက်ခံထားပြီးနောက် ၁၁ ဦးကို နေရပ်ပြန်ပို့ရန် ဇန်နဝါရီလ ၁၁ ရက်နေ့က ပြည်နယ်အစိုးရနဲ့ Assam Rifles တို့ရဲ့ဆုံးဖြတ်ချက်ကိုလည်း ZORO အဖွဲ့က အပြင်းအထန်ကန့်ကွက်ထားပါတယ်။
ZORO အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ Sangkawia က “ဇန်နဝါရီ ၁ ရက်ကစပြီး အကျိုးသက်ရောက်တဲ့ စနစ်သစ်အရ တစ်ဖက်နဲ့တစ်ဖက် နယ်စပ် ၁၀ ကီလိုမီတာအကွာမှာ နေထိုင်သူတွေ အချင်းချင်း ခွင့်ပြုချက်၊ အထောက်အထား၊ ဗီဇာမလိုပဲ လည်ပတ်ဖို့ နဲ့နယ်စပ်ဖြတ်သန်းခွင့်ကို ပေးရမှာ ဖြစ်ပါတယ်” လို့ပြောပါတယ်။
ZORO အဖွဲ့က နောင်တွင် ဇိုတိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးကို လိုအပ်တဲ့ အချိန်အတိုင်းအတာအထိ ခိုလှုံခွင့်ရရန်၊ ယခင်ကလို အိန္ဒိယ – မြန်မာနယ်စပ်ကို ဗီဇာကင်းလွတ်ခွင့်ပြုတဲ့ FMR ကိုပြန်လည်ကျင့်သုံးရန်၊ နိုင်ငံရဲ့ တစ်ဖက်နယ်နိမိတ် ၁၀ ကီလိုမီတာအကွာတွင်းနေထိုင်သူများအတွက် နယ်စပ်ဖြတ်ကျော်ခွင့်ထောက်ခံစာယူရမယ့် အမိန့်ကို ပယ်ဖျက်ပေးရန်ပြည်နယ်အစိုးရကိုလည်းတောင်းဆိုပြီး ဗဟိုအစိုးရရဲ့ ဆုံးဖြတ်ချက်ကိုလည်း ကန့်ကွက်ကြောင်း ကြေညာချက်များလည်းထုတ်ပြန်ခဲ့ပါတယ်။
