
ဇန်နဝါရီလ ၂၀ ရက်။
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်၊ မြိုကျေးရွာ ၁၀ ရွာခန့်က အသက်မပြည့်သေးတဲ့ ကလေးတွေအပါအဝင် မြိုတိုင်းရင်းသား အမျိုးသား ၉၁ ဦးကို AA က စစ်မှုထမ်းဖို့အတွက် ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလ ၂၄ ညကစပြီး အခုအချိန်အထိအတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
AA ဖမ်းဆီးခေါ်ဆောင်သွားတဲ့အထဲမှာ အိမ်ထောင်ဦးစီးတွေ၊ မိဘလုပ်ကျွေးသူတွေ၊ ကျောင်းသားတွေ၊ ကျန်းမာရေးချို့ယွင်းတဲ့သူတွေလည်းပါဝင်ပြီး ၎င်းတို့ဟာ အသက်အရွယ်အားဖြင့် အသက် ၁၃ နှစ်မှ ၅၀ ကျော်အရွယ်တွေဖြစ်ကြပါတယ်။
“ညဘက် လူအိမ်မော့ကျတဲ့အချိန် AA ရဲဘော်တွေက ယူနီဖောင်းတွေ၊ သေနတ်တွေနဲ့ တစ်အိမ်တက်ဆင်း လာဖမ်းဆီးသွားတာပါ။ တချို့တွေဆို တစ်အိမ်မှာနှစ်ယောက်ပါသွားတဲ့သူတွေလည်းရှိတယ်။ အသက်မပြည့်တဲ့ကလေးတွေရော့၊ အသက်ကြီးပိုင်းတွေရော့ပါ အကုန်ခေါ်သွားတာ။ အခုအဆက်သွယ်လည်း မရဘူး။”လို့ မောင်တောမြို့နယ်ဒေသခံ မြိုလူငယ်တစ်ဦးက Chin World Media ကို ပြောပါတယ်။
AA ရဲ့ စစ်မူထမ်းဖို့ ညဘက် တက်အိမ်တက်ဆင်း အတင်းအဓမ္မ လိုက် လံ ဖမ်းဆီးမှုတွေကြောင့် မောင်တောမြို့နယ်၊ မြိုကျေးရွာတွေက မြိုအမျိုးတွေဟာ မိမိနေအိမ်မှာ ညဘက်တွေ မအိပ်ရဲတော့ဘဲ တောတောင်ထဲမှာ တဲဆောက်ပြီး အိပ်နေရတယ်လို့ သိရပါတယ်။ ဒါ့အပြင် AA ရဲ့ စစ်မှုထမ်းဖို့ နေ့စဥ် ဖမ်းဆီးမှုတွေကြောင့် မြိုလူမျိုးတွေဟာ မြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်စပ် နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ မိသားစုအလိုက် ထွက်ပြေးတိမ်းရှောင်မှုတွေရှိပြီး အခုအခါ ထွက်ပြေးမှုဟာ တစ်ရက်ထက်တစ်ရက်ပိုများလာတယ်လို့ ဆိုပါတယ်။

“AA ရဲဘော်တွေက စစ်မှုထမ်းဖို့ခေါ်တဲ့အခါ မလိုက်ချင်ရင် ရခိုင်ပြည်မှာမနေနဲ့ဆိုတဲ့ပုံစံတွေ ပြောတယ်။ ပြီးတော့ နယ်စပ်နဲ့ တောတောင်တွေမှာ တိမ်းရှောင်တော့လည်း အသက်အန္တရာယ်ခြိမ်းခြောက်ပြီးခေါ်တယ်။အဲဒါကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးကြတာပါ။ မြိုလူမျိုးတခုတည်းမဟုတ်ဘဲ တခြား ဒိုက်နက်လူမျိုးတွေလည်း ထွက်ပြေးကြပါတယ်။”လို့ မောင်တောမြို့နယ်ဒေသခံ မြိုလူငယ်တစ်ဦးက Chin World ကို ပြောပါတယ်။
မောင်တောမြို့နယ်မှာ ယခင်ကတည်းက ကိုယ့်ရပ်ရွာလုံခြုံရေးအတွက် ကာကွယ်ဖို့ဆိုပြီး AA က မြိုအမျိုးသားတွေကို တစ်အိမ်တစ်ယောက်နှုန်းနဲ့ စစ်သင်တန်းတက်ရောက်ဖို့ ခေါ်ဆောင်ပေမဲ့ သင်တန်းပြီးလျင် ကိုယ့်ရပ်ရွာတွေပြန်မပို့ပဲ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေမှာ ပို့ဆောင်နေတယ်လို့ သိရပါတယ်။
AAအတွက် စစ်မှုထမ်းဖို့အတွက် အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ကျေးရွာတွေဟာ မောင်တောမြို့နယ်မြောက်ပိုင်းက သီဟိုအေးကျေးရွာ၊ ကိုင်းကြီးကျေးရွာ၊ သစ်တုံနားခွဆုံကျေးရွာ၊ နန်းရာကိုင်းကျေးရွာ၊ ရွေတိုင်ကျေးရွာ၊ လေးမြိုကေသီကျေးရွာတို့ဖြစ်ပါတယ်။
