
DonBosco
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကို ဒီဇင်ဘာလ ၂၂ ရက်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်(CDF-Mindat ) က မြို့ကိုအလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ပြီးနောက် မြို့ခံ ပြည်သူများပြန်လည်နေထိုင်နိုင်ဖို့အတွက် လက်ရှိအချိန်မှာ မင်းတပ်မြို့မှာ မိုင်းအရေအတွက်ပေါင်း ၂၀၀ ကျော်ရှင်းလင်းထားပြီဖြစ်ပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းကိုဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။ မြို့တစ်ခုတည်းမှာပင် ၁ လဝန်းကျင်အတွင်းမိုင်းအလုံးရေ ၂၀၀ ကျော်တွေ့ရှိတာဟာ အတော်များတဲ့ ပမာဏဖြစ်ပါတယ်။မိုင်းတစ်လုံးရဲ့ပေါက်ကွဲအားဟာ အနည်းဆုံး ငါးပေပတ်လည်နဲ့ ၁၀ ပေပတ်လည်အထိလူကိုထိခိုက်စေနိုင်တာဖြစ်တဲ့အတွက် မိုင်းအလုံးရေ ၂၀၀ ကျော်ရှင်းလင်းနိုင်ခြင်းဟာလူ့အသက်အနည်းဆုံး ၄၀၀ ကနေ ၅၀၀ အကြားကယ်တင်နိုင်တဲ့သဘောဖြစ်ပါတယ်။ ဒါဟာစစ်ကောင်စီအာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ချင်းပြည်တစ်ခွင်မှာ မြို့တစ်မြို့ရဲ့ မိုင်းရှင်းလင်းထား၊ ရှင်းလင်းဆဲ အနေအထားဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီကင်းစင်တာ ၆ လ ၀န်းကျင်ရှိပြီဖြစ်တဲ့ မတူပီမြို့မှာ မတူပီမြို့တွင်း လူနေတဲ့နေရာတွေကို မိုင်းရှင်းလင်းတာပြီးပေမယ့် စစ်ကောင်စီတပ်စခန်း အနီးအနားတွေတော့ မိုင်း ရှိနိုင်သေးတာဖြစ်လို့ ရာနှုန်းပြည့် ရှင်းလင်းနိုင်ခြင်းမရှိသေးဘူးလို CDF- မတူပီ၊ တပ်မဟာ – ၁ ပြောရေးဆိုခွင့်ရှိသူ – ကို Boi Uk ကပြောပါတယ်။
ချင်းပြည်နယ်မှာတော့ ဟိုးအရင်က မြေမြှုပ်မိုင်းနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာအခြေအနေမျိုးမရှိခဲ့ပေမယ့်
မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော်တို့အကြား ၂၀၁၇ ခုနှစ်ကစလို့ ပလက်ဝမြို့နယ်ဒေသမှာစစ်ဖြစ်ပွားလာချိန်ကစပြီး အရပ်သားပြည်သူများ မြေမြှုပ်မိုင်းအန္တရယ်ကိုတောက်လျှောက်ကြုံတွေ့လာခဲ့ကြရပါတယ်။ ၂၀၂၁ စစ်ကောင်စီအာဏာသိမ်းမှုနောက်ပိုင်းမှာချင်းပြည်နယ်တစ်ခုလုံးအတွင်း မိုင်းအန္တရယ်ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာခဲ့ပါတယ်။
စခန်းသိမ်းတိုက်ပွဲများ၊ မြို့သိမ်းတိုက်ပွဲများအပြီးမှာလည်း စစ်တပ်များအခြေစိုက်ခဲ့တဲ့အနီးတစ်ဝိုက်မှာ မိုင်းအန္တရယ်ရှိနေသေးခြင်းကြောင့် ပြည်သူများအနေနဲ့အသွားအလာဆင်ခြင်ကြရန် ချင်းဒေသကာကွယ်ရေးတပ်များကလည်းမကြာခဏသတိပေးနေရတဲ့အနေအထားဖြစ်နေပါတယ်။ စစ်ကောင်စီရဲ့အာဏာသိမ်းမှုစတင်ပြီး ၄ နှစ်ဝန်းကျင်ကာလအတွင်း ချင်းပြည်နယ်အတွင်းမြေမြှုပ်မိုင်းကြောင့် ၃၇ ဦးသေဆုံးပြီး ၆၈ ဦးဒဏ်ရာရရှိတယ်လို့
ချင်းလူ့အခွင့်အရေးအဖွဲ့ကဖော်ပြပါတယ်။ အဆိုပါ သေဆုံးဒဏ်ရာရရှိမှုအများဆုံးကတော့၂၀၂၃ ခုနှစ်အတွင်းဖြစ်ပြီး သေဆုံးသူ ၁၂ ဦးသေဆုံးပြီး ၂၆ ယောက်ဒဏ်ရာရရှိတယ်လို့အစီရင်ခံစာမှာဖော်ပြပါတယ်။ ဒီအရေအတွက် ထင်သာမြင်သာရှိတဲ့ သေဆုံး၊ ထိခိုက်မှုစာရင်းသာဖြစ်ပြီး ချင်းပြည်နယ်တစ်ခွင်မှာ မြေမြှုပ်မိုင်းဘယ်လောက်အထိ
ထောင်ထားတယ်ဆိုတာ သိရတဲ့အနေအထားမဟုတ်တဲ့အပြင် အဆိုပါမြေမြှုပ်မိုင်းပြသနာဟာစစ်ကာလပြီးဆုံးသည့်တိုင် အရပ်သားပြည်သူတွေအတွက် အန္တရယ်ရှိနေမှာပဲဖြစ်ပါတယ်။
၂၀၂၄ ဒီဇင်ဘာလ (၂၈) ရက်နေ့က Landmineand Cluster Munition Monitor အဖွဲ့က မြေမြှုပ်မိုင်းနဲ့ပတ်သက်ပြီး
အစီအရင်ခံစာတစ်စောင်ထုတ်လာခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးမှာမြေမြှုပ်မိုင်းကြောင့် သေဆုံးရသူဦးရေအများဆုံးဟာ မြန်မာနိုင်ငံဖြစ်တယ်လို့ ဆိုထားပါတယ်။
အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် မြန်မာနိုင်ငံမှာသေဆုံးသူ ၁၀၀၃ ဦးရှိပြီးတစ်နှစ်အတွင်း ကမ္ဘာမှာ အများဆုံးဖြစ်ပါတယ်။ ဒုတိယအနေနဲ့ဆီးရီးယားနိုင်ငံဖြစ်ပြီး ၉၃၃ ဦး၊ တတိယနေရာမှာတော့ အာဖဂန်နစ္စတန်နဲ့ ယူကရိန်းတို့ဖြစ်ပြီး၅၀၀ ဝန်းကျင်သေဆုံးတယ်လို့သိရပါတယ်။ ၂၀၂၄ အလွန်နောက်ပိုင်းမှာတော့
ယူကရိန်းနိုင်ငံအများဆုံးဖြစ်မယ်လို့ ခန့်မှန်းထားကြပေမယ့် ဘယ်အဖွဲ့ကမှ တရားဝင်အစီရင်ခံစာထုတ်တာမျိုးမရှိသေးပါဘူး။
၂၀၂၃ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးမှာမြေမြှုပ်မိုင်းကြောင့် မြန်မာနိုင်ငံမှာ အရပ်သားသေဆုံးမှုအများဆုံးဆိုတဲ့စာရင်းဟာလည်း ၂၀၂၁ စစ်ကောင်စီအာဏာသိမ်းမှုပြီးနောက် နှစ်နှစ်ကျော်ကာလအတွင်းမြေပြင်ထိုးစစ်အပြင်းအထန်ဆင်နွှဲတဲ့ နှစ်များအတွင်း ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့်သေဆုံးထိခိုက်တဲ့စာရင်းဖြစ်ပါတယ်။ အဲဒီကာလတွေမှာ ထောင်ထားတဲ့မြေမြှုပ်မိုင်းတွေဘယ်လောက်ကျန်နေမလဲဆိုတာလည်း အတိအကျမသိရသလိုအရပ်သားအတော်များများလည်း စစ်ရှောင်နေရပြီး နေရပ်ပြန်ကာတောင်ယာလုပ်ငန်းများပြန်မလုပ်ကိုင်နိုင်ကြသေးခြင်း၊ စစ်ကောင်စီအနေနဲ့လည်းလေကြောင်းထိုးစစ်ကို ပိုမိုအသုံးပြုလာပြီးနောက်ပိုင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးတဲ့သတင်းတွေဟာလည်း သတင်းစာမျက်နှာမှာ ပါးလာခဲ့ပါတယ်။
ဒါပေမယ့်မြေမြှုပ်မိုင်းအရေးဟာ မြှုပ်ထားတာနဲ့ သူ့ဟာသူပျက်စီးရောလား၊ စစ်ပွဲပြီးတော့ကောကိစ္စပြတ်သွားပါမလား၊ မြေမြှုပ်မိုင်း အန္တရယ်က နိုင်ငံအေးချမ်းလာသည့်တိုင်စိုးရိမ်မှုကင်းစရာဖြစ်ရောလား၊ မြေမြှုပ်မိုင်းက ဘယ်အချိန်ဆိုသက်တမ်းကုန်ပြီးမပေါက်ကွဲတော့တာလဲစတဲ့ မေးခွန်းတွေဟာကြိုတင်ပြီးသိထားရမယ့်မေးခွန်းတွေဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုရင်မြေမြှုပ်မိုင်းမြှုပ်ထားသူတွေက သူတို့မြှုပ်ထားတဲ့ နေရာကို သူတို့ကိုယ်တိုင်ပင်ပြန်မမှတ်မိတဲ့အတွက် တစ်ခါမြှုပ်ထားတဲ့ မြေမြှုပ်မိုင်းဟာ တစ်စုံတစ်ခုကြောင့်မပေါက်ကွဲမချင်း မြှုပ်ထားတဲ့နေရာမှာပဲ တစ်သက်လုံးရှိနေမှာဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်၊ ဇူလိုင်လမှာ စာရေးသူဟာ ပဋိပက္ခအသွင်ကူးပြောင်းရေးနဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုင်ရာသင်တန်းနဲ့အတူ လေ့လာရေးခရီးစဉ်ပါတဲ့ အစီအစဉ်အရကမ္ဘောဒီးယားနိုင်ငံမှာ သင်တန်းတက်ရောက်ခွင့်နဲ့ကွင်းဆင်းလေ့လာခွင့်ရခဲ့ပါတယ်။ ပဋိပက္ခ၊ငြိမ်းချမ်းရေးနဲ့ပတ်သက်သက်ပြီး ဒေါက်တာဘွဲ၊ မဟာဘွဲ့တွေပေးတဲ့ ကမ္ဘောဒီယားနိုင်ငံကCenter for Peace and Conflict Studies (CPCS) ကျောင်းမှာ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဆိုင်ရာသီအိုရီတွေ၊ ဖြစ်ရပ်မှန် သမိုင်းကြောင်းတွေ၊ နိုင်ငံတကာက ပြည်တွင်းစစ်ပဋိပက္ခနဲ့ငြိမ်းချမ်းရေးအသွင်ကူးပြောင်းရေးဆိုင်ရာတွေနဲ့ပတ်သက်ပြီး သင်တန်းမှာသင်ကြားခဲ့ရပြီးနောက် ကမ္ဘောဒီးယားပြည်တွင်းစစ်အတွင်းဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကို ပြန်လည်ပြုစုပြီး ပြတိုက်အဖြစ်ဖန်တီးထားတဲ့နေရာတွေကို လေ့လာရေးအဖြစ်သွားရောက်ခွင့်ရခဲ့ပါတယ်။
ကမ္ဘောဒီယားပြည်တွင်းစစ်ဟာအစိုးရနဲ့ခမာသူပုန်တွေအကြားဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ပွဲဖြစ်ပြီး ၁၉၆၇ ကနေ ၁၉၇၅အကြားဖြစ်ပွားတဲ့စစ်ပွဲအတွင်း အရပ်သားပေါင်းသုံးသိန်းကျော်သေဆုံးခဲ့ရပါတယ်။
ကမ္ဘောဒီးယားပြည်တွင်းစစ်ဟာ အမေရိကန်အပါအဝင် နိုင်ငံတကာကပါဝင်ရောက်ဖြေရှင်းခဲ့ရတဲ့အနေအထားပါ။ ခမာသူပုန်တွေရဲ့ ရက်စက်မှုကိုဒီအတိုင်းကြားရတာထက် သူတို့ရဲ့ ပြတိုက်မှာသွားကြည့်ပြီးလေ့လာရင်တော့
ကြက်သီးထစရာအမှန်ပါပဲ။ လသားအရွယ်ကလေးတွေကို သစ်ပင်နဲ့ရိုက်သတ်တာ၊ကလေးတွေရဲ့ခန္ဒာကိုယ်တွေကို လှံနဲ့ထိုးစိုက်ပြီးလယ်ကွင်းတွေမှာထောင်ထားတာ၊ဘုန်းကြီးတွေကို လယ်ထွန်ခိုင်းတာ၊ လယ်ကွင်းမှာ မြေမြှုပ်မိုင်းထောင်ပြီး အကျဉ်းသားတွေကိုလယ်ကွင်းမှာပြေးခိုင်းတာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီး နှိပ်စက်တာ၊
ကိုယ်ဝန်ဆောင်မိခင်တွေကို ဗိုက်ကိုမှဓားနဲ့ထိုးသတ်တာ၊ ရွာသားတွေကိုကိုယ်တိုင်ကျင်းတူးခိုင်းပြီးအစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီးမြေမြှုပ်တာစတဲ့ရက်စက်မှုကမ်းကုန်ဖြစ်ပွားခဲ့တာပါ။ စစ်ပွဲပြီးမှ အစုလိုက်အပြုံလိုက်အသတ်ခံရတဲ့အရပ်သားတွေရဲ့ အရိုးခေါင်းတွေကို ပြန်ဖော်ပြီး ပြတိုက်မှာ ပြထားတာဟာ
စာကြည့်တိုက်အလား ပြည်တွင်းစစ်အတွင်း သေဆုံးခဲ့ရတဲ့ အရပ်သားတွေရဲ့အရိုးခေါင်းတွေဟာ သောင်းချီအစီအရီပြထားပါတယ်။အသက်အရွယ်အလိုက်အရွယ်အစားအစုံအလင်ပါပဲ။ ပြည်တွင်းစစ်ကြီးပြီးဆုံးသွားလို့
စစ်ပွဲရဲ့နောက်ဆက်တွဲ ပြသနာတွေကို ဖြေရှင်းလာချိန်မှာ အရပ်သားပြည်သူတွေရဲ့အသက်အန္တရယ်ကို အခုချိန်ထိ ခြိမ်းခြောက်နေဆဲ၊ ကြုံတွေ့နေရဆဲ၊ ရှင်းလင်းနေရဆဲပြသနာအကြီးဆုံးကတော့ မြေမြှုပ်မိုင်းအန္တရယ်ဖြစ်လာခဲ့ပါတယ်။
Cambodia Mine Action Center (CMAC) ရဲ့စာရင်းအရ ပြည်တွင်းစစ်ကာလအတွင်းမြေမြှုပ်မိုင်းပေါင်း (၄) သန်းကနေ (၆) သန်းအကြား အသုံးပြုတယ်လို့ဆိုပေမယ့်တိုက်ပွဲဇုန်နယ်မြေ၊ အထူးသဖြင့် ထိုင်းနဲ့ကမ္ဘောဒီယားနယ်စပ်ဖက်ခြမ်းတွေမှာ မြှုပ်ထားတဲ့မြေမြှုပ်မိုင်းအရေအတွက် ဟာ ၁၀ သန်းလောက်အထိရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။အများဆုံးကိုတော့ နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ ဖနွင်ပင်းအရပ်ဒေသနဲ့ နိုင်ငံခြားသားတွေကိုအဓိကဆွဲဆောင်တဲ့ သမိုင်းဝင်မြို့ Seim Reip မြို့နယ်တွေမှာ အများဆုံးဖြစ်ပါတယ်။
မြေမြှုပ်မိုင်းကြောင့် သေဆုံး၊ ထိခိုက်တဲ့အရေအတွက်ဟာ ၁၉၇၉ ခုနှစ်ကတည်းက ယနေ့ချိန်ထိပြုစုတဲ့ စာရင်းအရ အနည်းဆုံး ၆၅၀၀၀ ဦးရှိပြီး၊ လက်ရှိဒုက္ခိတဘဝနဲ့ နေထိုင်နေရသူ ၁၀၀၀၀နီးပါးလောက်ရှိတယ်လို့ သိရပါတယ်။ အဲဒီသေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူများအနက် သုံးပုံ ၁ပုံဟာ ကလေးငယ်တွေဖြစ်တယ်လို့သိရပါတယ်။ စစ်ပွဲပြီးပြီးနောက်ပိုင်း ကလေးငယ်တွေဟာလယ်တောမှာဆော့ကစားရင်းလည်းကောင်း၊ တောလည်သွားရင်လည်းကောင်း၊
ကွင်းပြင်တွေမှာဆော့ကစားရင်းလည်းကောင်း မြေမြှုပ်မိုင်းများတွေ့ရှိပါကဆော့စရာဟုထင်၍လည်းကောင်း၊ သံထည်နဲ့ပြုလုပ်ထားတဲ့ ထူးခြားတဲ့ ပုံသဏ္ဍာန်ကြောင့်စူးစမ်းထိတွေ့ကြရမှ ကလေးငယ်များမိုင်းထိမှုများခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာပြည်တွင်းစစ်ပြီးဆုံးတာ ဆယ်စုနှစ်လေးခုကျော်ပြီဖြစ်ပေမယ့်လည်းပြည်တွင်းစစ်ကာလကထောင်ခဲ့တဲ့မိုင်းတွေဟာ အခုချိန်ထိ စိုက်ပျိုးရေးလုပ်ငန်း၊အဆောက်အဦးများတည်ဆောက်ခြင်း၊ ရေအရင်းမြစ်ရှာဖွေတူးဖော်ခြင်း နဲ့ အခြားစီးပွားရေးလုပ်ငန်းများလုပ်ကိုင်မှုများကို ခြိမ်းခြောက်လျက်ရှိနေပါသေးတယ်။ ၁၉၉၀
ခုနှစ်ကစတင်ပြီး ပြည်တွင်းစစ်အတွင်းက မြှုပ်ထားတဲ့ မိုင်းများရှင်းလင်းရေး အစီအစဉ်ကိုနိုင်ငံတကာအကူအညီ၊ ပြည်တွင်းအဖွဲ့အစည်းများရဲ့အကူအညီ၊အရပ်ဖက်အဖွဲ့အစည်းများရဲ့အကူအညီနဲ့ စတင်ခဲ့ပြီး ယနေ့ချိန်ထိ မိုင်းအလုံးရေပေါင်း ၄သန်းအထိဖယ်ရှားနိုင်ပြီလို့ သိရပါတယ်။ အခုချိန်ထိ မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းကို
နှစ်စဉ်ဒေါ်လာသန်းချီအသုံးပြုပြီး ဆောင်ရွက်နေရဆဲဖြစ်ပါတယ်။ အန္တရယ်ဇုံများကိုလည်းသတ်မှတ်ထားရဆဲဖြစ်ပါတယ်။ ကမ္ဘောဒီးယား Seim Reip မြို့စွန်မှာပြည်တွင်းစစ်ကာလကမြေမြှုပ်မိုင်းတွေကို ပြန်လည်တူးဖော်ပြီး ပြတိုက်အဖြစ် အများပြည်သူလေ့လာကြည့်ရှုနိုင်ဖို့ ဖွင့်လှစ်ထားပါတယ်။ တူးဖော်ရရှိတဲ့ မြေမြှုပ်မိုင်း အမျိုးအစားပေါင်းစုံအနည်းဆုံး အလုံးရေ ၄ သောင်းထက်မနည်း ပြတိုက်မှာ ပြထားပါတယ်။
ဖွင့်လှစ်ထားသူကိုယ်တိုင်ဟာလည်း ပြည်တွင်းစစ်ကာလမှာ အစိုးရစစ်တပ်ဖက်ကနေတိုက်ပွဲဝင်ခဲ့ပြီး စစ်ပွဲပြီးတဲ့နောက်ပိုင်း စစ်တပ်ကနေ အနားယူကာ မိုင်းရှင်းလင်းရေးလုပ်ငန်းမှာထဲထဲဝင်ဝင်ပါဝင်လုပ်ဆောင်သူဖြစ်ပါတယ်။ သူ့ရဲ့ပြောပြချက်အရ မိုင်းရဲ့အန္တရယ်ဟာဘယ်လောက်အထိ ကြောက်စရာကောင်းကြောင်း ပိုသိခဲ့ရပြီးနောက်
ကျွန်တော်အရမ်းမေးချင်တဲ့ မေးခွန်းတစ်ခုမေးဖြစ်ခဲ့ပါတယ်။ “ကမ္ဘောဒီယားနိုင်ငံတွင်းမှာအဲသလောက်မြေမြှုပ်မိုင်းများတာ၊ ပြည်တွင်းစစ်ပြီးတာလည်း ကြာလှပြီ၊အားလုံးကိုလည်းပြန်မဖော်နိုင်သေးတော့ အခုချိန်ထိ အန္တရယ်ရှိတုန်းလား” လို့မေးခွန်းမေးလိုက်ပါတယ်။ သူပြန်ဖြေတာက “decades, or even indefinitely. landmines don’t
come with a limited shelf life” လို့ပြန်ဖြေပါတယ်။ ဆယ်စုနှစ်များစွာ (သို့)အချိန်အကန့်အသတ်မရှိသလို မြေမြှုပ်မိုင်းဟာသက်တမ်းအကန့်အသတ်နဲ့လာတာမဟုတ်ဘူးလို့ပြန်ဖြေပါတယ်။ ဆိုလိုတာကဘယ်အချိန်မရွေးသက်တမ်းကုန်လို့ မပေါက်ကွဲတော့ဘူးဆိုတာမရှိဘူးဆိုတဲ့သဘောပါပဲ။
ဒါကြောင့်လည်း ကမ္ဘာမှာ မြေမြှုပ်မိုင်းသုံးစွဲခဲ့တဲ့ နိုင်ငံပေါင်း ၅၈ နိုင်ငံရှိပြီး ယနေ့ချိန်ထိမြေမြှုပ်မိုင်းပြသနာကို ဖြေရှင်းနေရပါတယ်။ LCMM ရဲ့ ၂၀၂၃ အစီအရင်ခံစာအရ အဆိုပါ ၅၈နိုင်ငံကနေပဲ သေဆုံးသူ ၇၅၇၅ ဦးသေဆုံးခဲ့ပြီး အများစုဟာအရပ်သားပြည်သူတွေဖြစ်တယ်လို့ဆိုပါတယ်။မြေမြှုပ်မိုင်းအန္တရယ်ရှိတဲ့ နယ်မြေတွေဟာ သက်တမ်းများစွာ အရပ်သားများကိုဒုက္ခပေးတဲ့အတွက် ကမ္ဘာ့နိုင်ငံပေါင်း ၁၆၄ နိုင်ငံက မြေမြှုပ်မိုင်းအသုံးပြုဖို့ တားမြစ်တဲ့
လက်မှတ်ကို ၁၉၉၉ မတ်လ ၁ ရက်နေ့မှာလက်မှတ်ရေးထိုးသဘောတူညီတဲ့စာချုပ်ချုပ်ဆိုခဲ့ကြပါတယ်။ လက်မှတ်ထိုးစာချုပ်ချုပ်ဆိုတဲ့ နိုင်ငံတွေမှာကမ္ဘာ့စူပါနိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်၊ ရုရှား၊ တရုတ်တို့မပါဝင်ပါဘူး။မြန်မာနိုင်ငံလည်းမပါ၀င်ပါဘူး။
တရုတ်နိုင်ငံဟာတစ်ကမ္ဘာလုံးမှာ မြေမြှုပ်မိုင်းထုတ်လုပ်မှုအမြင့်ဆုံးနိုင်ငံဖြစ်ပြီးမြေမြှုပ်မိုင်းပြုလုပ်ရန်အတွက် လိုအပ်တဲ့ကုန်ကြမ်းပစ္စည်းအများဆုံးထုတ်လုပ်တဲ့နိုင်ငံဖြစ်ပါတယ်။ မြေမြှုပ်မိုင်းလုံးဝကင်းစင်တဲ့နိုင်ငံအဖြစ် ဆွစ်ဇလန်နိုင်ငံ သတ်မှတ်ခံထားရပါတယ်။ မြေမြှုပ်မိုင်းကိုစတင်တီထွင်အသုံးပြုခဲ့တဲ့နိုင်ငံဟာ အမေရိကန်နိုင်ငံဖြစ်ပြီး အမေရိကန်ပြည်တွင်းစစ်ဖြစ်ပွားတဲ့ကာလအတွင်း ၁၉၂၉ ခုနှစ်မှာ အမေရိကန် စစ်ဗိုလ်ချုပ် Gabriel Rains ကဒီဇိုင်းစတင်ရေးဆွဲပြီးစတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ စစ်ကောင်စီတပ်ဟာ ပြည်တွင်းစစ်တစ်လျှောက်လုံးမြေမြှုပ်မိုင်းတွေအသုံးပြုလာခဲ့ပါတယ်။ စစ်ကောင်စီရဲ့အာဏာသိမ်းမှုမတိုင်ခင်အထိအထူးသဖြင့် ကရင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်က ကျေးလက်ဒေသတွေမှာမြေမြှုပ်မိုင်းအန္တရယ်ကို အဓိကရင်ဆိုင်ခဲ့ရပေမယ့် ပြည်တွင်းစစ်မတည်ငြိမ်တဲ့အတွက်မြန်မာနိုင်ငံအတွင်းမှာ မြေမြှုပ်မိုင်းနဲ့ပတ်သက်ပြီး ပူးပေါင်းရှာဖွေဖျက်စီးတဲ့ နည်းစနစ်ကျလုပ်ဆောင်မှုမျိုးမရှိခဲ့ပါဘူး။ မြန်မာစစ်တပ်ဟာ အရပ်သားတွေကိုမြေမြှုပ်မိုင်းအန္တရယ်ရှိတဲ့နေရာတွေမှာ လူသားဒိုင်းအဖြစ်အသုံးပြုခြင်းကိုဆက်တိုက်လုပ်ဆောင်လျက်ရှိတယ်လို့ Human Right Watchရဲ့နှစ်စဉ်အစီအရင်ခံစာတွေမှာဖော်ပြပါတယ်။
Human Right Watch အနေနဲ့ ၂၀၂၁ ကနေ ၂၀၂၃ မတိုင်အထိ မြေမြှုပ်မိုင်းနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုစလုံးရှိ မြို့နယ် ၆၀ ရာခိုင်နှုန်းခန့်မှာမှတ်တမ်းယူခဲ့ပါတယ်။ မှတ်တမ်းအရ မြန်မာပြည်အတွင်း အရပ်သားများဟာစစ်ရှောင်ရာကနေ ကိုယ့်ရပ်ရွာကိုပြန်လာချိန် (သို့) စစ်ဘေးရှောင်နေရချိန်တွေမှာ အများဆုံးမြေမြှုပ်မိုင်း အန္တရယ်ကို ကြုံတွေ့ကြရတယ်လို့ဆိုပါတယ်။ Human Right Watch ရဲ့အစီအရင်ခံစာမှာ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)အနေနဲ့ မိုင်းအမျိုးစားအနည်းဆုံး ၅ မျိုးထုတ်လုပ်နေပြီး နင်းမိုင်း၊ တိုက်မိုင်း၊ အတွဲလိုက်မိုင်း၊ဆွဲမိုင်းစတဲ့ မိုင်းတွေပါဝင်တယ်လို့ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ၂၀၂၁အာဏာသိမ်းမှုအလွန် စစ်ပွဲများမှာ အဆိုပါမိုင်းအမျိုးအစားအားလုံးကိုနေရာအနှံ့အသုံးပြုနေတယ်လို့ ဆိုပါတယ်။ ပို၍အခြေအနေဆိုးသည်မှာ မိုင်းများကိုကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဘုရားကျောင်းများ၊စိုက်ပျိုးရေးခင်းများ၊ တာဝါတိုင်များ၊ တံတားများ၊ စစ်ရှောင်စခန်းများ၊ လှေဆိပ်များ၊ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများနဲ့ နေအိမ်များမှာ ထောင်ထားတယ်လို့ ဖော်ပြပါတယ်။
ယခုအခါစစ်ပွဲများ ပြင်းထန်လျက်ရှိနေသေးတာကြောင့် မြေမြှုပ်မိုင်းအန္တရယ်နဲ့ပတ်သက်ပြီး အသေးစိတ်ရှာဖွေခြင်း၊ ဖျက်စီးခြင်း များမပြုလုပ်နိုင်သေးသော်လည်း မြန်မာပြည်မှာ ရေရှည်အထိ ကြီးမားတဲ့ပြသနာတစ်ရပ်အဖြစ်တည်ရှိနေမှာဖြစ်တဲ့ အတွက် တောင်ယာလုပ်ငန်း၊စိုက်ပျိုးရေးလုပ်ငန်းနဲ့အဓိက အသက်မွေးဝမ်းကျောင်းပြုတဲ့ ချင်းပြည်သူတွေအတွက်မြေမြှုပ်မိုင်းအန္တရယ်ဟာ အထူးအလေးထားရမယ့် ကိစ္စတစ်ရပ်အဖြစ်ဆက်ရှိနေတော့မှာဖြစ်ပါတယ်။ မြေမြှုပ်မိုင်းအန္တရယ်ဟာကမ္ဘာနဲ့ချီရေရှည်ပြသနာတစ်ရပ်အဖြစ်ဖြေရှင်းနေရတာဖြစ်ပြီး အခုအခါမှာချင်းပြည်နယ်မှာအထိ ကယက်ရိုက်လာပြီဖြစ်ပါတယ်။
Ref;
- Landmine and Cluster Munition Monitor (LCMM),
- Cambodia Civil War ,
- Human Right Watch,
- Unicef
- Chin Human Rights Organization (CHRO)