
ဇန်န၀ါရီလ ၁၄ ရက်။
မီဇိုရမ်ပြည်နယ်မှာ ၂၀၂၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနဲ့ဆက်နွယ်ပြီး သေဆုံးသူ ၇၁ ဦးရှိပြီးမီဇိုရမ်ပြည်နယ်နဲ့ နယ်နိမိတ်ရှည်ထိစပ်နေတဲ့ မြန်မာနိုင်ငံဖက်ကနေ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုအတွက် ကြီးမားတဲ့ စိန်ခေါ်မှုရှိနေဆဲဖြစ်တယ်လို့မီဇိုရမ်ပြည်နယ်ယစ်မျိုးနဲ့ မူးယစ်ဆေးဝါးဦးစီးဌာနရဲ့အစီရင်ခံစာအရသိရကြောင်း ဇန်နဝါရီလ(၁၃) ရက်နေ့မှာ The northeast Today မီဒီယာကဖော်ပြပါတယ်။
“ ၂၀၂၃ ခုနှစ်အတွင်း သေဆုံးသူဦးရေထက်စာရင် ဒီနှစ်စာရင်းမှာ ၇၄ ဦးသေဆုံးတာဟာသေဆုံးမှု အနည်းငယ်လျှော့သွားတယ်။ သေဆုံးသူအများစုကတော့ ဘိန်းဖြူသုံးစွဲမှုနဲ့အဓိကဆက်စပ်ပါတယ်” လို့ ဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ Peter Zohmingthanga ကပြောပါတယ်။
မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ ၁၉၈၄ ခုနှစ်ကစတင်ပြီး မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ပတ်သက်ပြီးသေဆုံးသူများစာရင်းကို သီးခြားထုတ်ပြန်ခဲ့ပြီး နောက်ဆုံးထုတ်ပြန်တဲ့ ၂၀၂၄ခုနှစ်အစီရင်ခံစာအထိ အမျိုးသမီး ၂၃၀ ဦးအပါအဝင် လူပေါင်း ၁၈၈၁ ဦးသေဆုံးသေဆုံးခဲ့တယ်လို့သိရပါတယ်။
မီဇိုရမ်ပြည်နယ်အတွင်း အရက်ယမကာများတရားမဝင်တင်သွင်းခြင်းနဲ့ရောင်းချခြင်း၊လိုင်စင်မပါပဲ မှောင်ခိုဖြင့်ဝယ်ယူသောက်သုံးခြင်းတွေကို တားမြစ်ထားပေမယ့်လည်းမကြာခင်နှစ်ပိုင်းများက ဘိန်းဖြူသုံးစွဲမှုပိုမိုမြင့်တက်လာပြီး အရက်သောက်ခြင်းကနေ Spasmo– Proxyvon နဲ့ Parvon Spas ကဲ့သို့သော ဘိန်းနဲ့ဆက်စပ်တဲ့ မူးယစ်ဆေးဝါးပစ္စည်းများကိုအစားထိုးသုံးစွဲနေကြတယ်လို့ အစီရင်ခံစာမှာဖော်ပြပါတယ်။
မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးနဲ့ဆက်နွယ်တဲ့ သေဆုံးမှုအများဆုံးအရေအတွက်အဖြစ်၂၀၀၄ ခုနှစ်ကအများဆုံးဖြစ်ပြီး တစ်နှစ်အတွင်း ၁၄၃ ဦးရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း ပြန်ကြည့်လျှင် မူးယစ်ဆေးဝါးနဲ့ဆက်နွယ်တဲ့သေဆုံးသူပေါင်း ၅၆၄ဦးရှိခဲ့ပါတယ်။
မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဖမ်းဆီးမှုများကို ဌာနပေါင်းစုံနဲ့အရပ်ဖက်အဖွဲ့အစည်းတို့ပူးပေါင်းပြီးနှစ်စဉ်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၄ ခုနှစ်အတွင်း ဘိန်းဖြူ၄၆.၅ ကီလိုဂရမ်၊ စိတ်ကြွဆေး ၁၃၈.၈ ကီလိုကရမ် နဲ့ ဂန်းဂျာ ၅၈၆.၆ ကီလိုဂရမ် အပါအဝင်မူးယစ်ဆေးဝါး၊ အရက်နဲ့ပတ်သက်တဲ့ ပြစ်မှုများအတွက် ပါဝင်ပတ်သက်သူ ၇၃၀၉ ဦးကိုဖမ်းဆီးအမှုဖွင့်ထားတယ်လို့သိရပါတယ်။
မြန်မာပြည်တွင်း ပဋိပက္ခကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ မဏိပူရ်ပြည်နယ်အတွင်းမြန်မာပြည်ဖက်က စစ်ဘေးရှောင် သောင်းချီရောက်ရှိနေပြီး ယခင်လ ဒီဇင်ဘာလမှာ ကျင်းပတဲ့စစ်ဘေးရှောင်များအတွက် ကျင်းပတဲ့ ရန်ပုံငွေရှာဖွေရေးဘောလုံးပြိုင်ပွဲအဖွင့်အခမ်းအနားမှာမဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် Singh က စစ်ရှောင်များအနေနဲ့မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ပတ်သက်ပြီး ပါဝင်ပတ်သက်မှုမရှိကြရန်သတိပေးပြောကြားခဲ့ပါတယ်။