Headlines

မာတင်လူသာကင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆု ချင်းအမျိုးသား Elaisa Vahnie ချီးမြှင့်ခံရ

ဇန်န၀ါရီလ ၁၈ ရက်။

အမေရိကန်ပြည်ထောင်စုမှာ အသားအရောင်ခွဲခြားမှုကို တိုက်ပွဲဝင်ခဲ့သူ ဒေါက်တာမာတင်လူသာကင်း (Martin Luther King၊ Jr. )ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့မွေးနေ့ လ ဖြစ်တဲ့ ဇန်နဝါရီလ တတိယပတ် တနင်္လာနေ့ကို Martin Luther King နေ့အဖြစ် သတ်မှတ်ထားကာ သူ့မွေးနေ့ရက်ကို နှစ်စဉ်ဇန်နဝါရီလ တတိယအပတ်မှာ ဂုဏ်ပြုကျင်းပကျပြီး ဒီနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့မှာ မြန်မာဒုက္ခသည်အများစု အခြေချတဲ့ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနားပြည်နယ်မှာ ကျင်းပတဲ့မာတင်လူသာကင်းနေ့ ဂုဏ်ပြုပွဲမှာ ချီးမြှင့်တဲ့ ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆု ကို Burmese American Community Institute (BACI) ရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ ချင်းအမျိုးသား Elaisa Vahnie ချီးမြှင့်ခံရပါတယ်။

အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနားပြည်နယ်အစိုးရရဲ့ ထုတ်ပြန်ချက်မှာမြန်မာနိုင်ငံကနေအမေရိကန်ကို ရွှေ့ပြောင်းနေထိုင်သူ ချင်းတိုင်းရင်းသား Elaisa Vahnie ဟာဒီမိုကရေစီအရေးနဲ့လူ့အခွင့်အရေးတွေ၊ အမေရိကန်ပြည်ထောင်စုကိုရွှေ့ပြောင်းနေထိုင်လာသူတွေရဲ့ အရေးကိုလည်း စွမ်းစွမ်းတမံဆောင်ရွက်တဲ့သူဖြစ်တယ်လို့ဖော်ပြတယ်။

Elaisa Vahnie က “ အခုလို ဂုဏ်သရေရှိတဲ့ အသိအမှတ်ပြုဆုချီးမြှင့်တာဟာမြန်မာအသိုက်အဝန်းသာမက လုပ်ဖော်ကိုင်ဖက်များအားလုံးကိုအသိအမှတ်ပြုခြင်းပဲဖြစ်ပါတယ်။ ဒုက္ခသည်တွေကို ကြိုဆိုပြီး ဘ၀သစ်နဲ့အတူ လွတ်လပ်မှုနဲ့အခွင့်အလမ်းရှိတဲ့ အမေရိကန်ပြည်ထောင်စုမှာ လူတိုင်းကို ကြိုဆိုပြီး တန်းတူရည်တည်ဂုဏ်သိက္ခာရှိစွာဆက်တဲ့ မူဝါဒနဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ခွင့်ပြုတဲ့အပေါ်နိုင်ငံ့ခေါင်းဆောင်များနဲ့ အမေရိကန်ပြည်သူများကျေးဇူးတင်ပါတယ်။အခုလိုစည်းလုံးညီညွတ်မှုကို မာတင်လူသာကင်းရဲ့ လိုလားချက်လည်းဖြစ်ပါတယ်” လို့
ဆုပေးအပ်တဲ့အခမ်းအနားမှာ ပြောပါတယ်။

တစ်ဖက်တွင် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာတဲ့ နိုင်ငံရေးခိုလှုံသူတွေအနေနဲ့စည်းလုံးညီညွတ်မှုကြောင့် အခုလိုမျိုးအသိအမှတ်ပြုခံရတာဖြစ်ကြောင်း၊ မိမိတို့အချင်းချင်းစည်းလုံးညီညွတ်မှုမရှိပါက တိုင်းတစ်ပါးမှာ မိမိတို့၏ လွတ်လပ်မှုသည်အကြောက်တရားများနဲ့သာ ရှင်သန်နေရမှာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လည်းအမေရိကန်ပြည်ထောင်စုအနေနဲ့ ခွင့်မပြုတဲ့ အရာများကို ရယူရန်ကြိုးပမ်းမှာမဟုတ်သလိုဒီနိုင်ငံမှာနေထိုင်ရတဲ့ လွတ်လပ်မှုအတွက် တာဝန်တွေကိုလက်ခံထားပြီးဖြစ်ပါတယ် လို့ Elaisa Vahnie ပြောပါတယ်။

Burmese American Community Institute (BACI) အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ၁၉၈၈အရေးအခင်းနောက်ပိုင်း နိုင်ငံရေးအခြေအနေကြောင့် နယ်စပ်များတွင် ထွက်ပြေးခိုလှုံနေသူများအမေရိကန်တွင် နိုင်ငံရေးခိုလှုံခွင့်ရရန် ကြိုးပမ်းဆောင်ရွက်ပေးတဲ့ အဖွဲ့ဖြစ်ပြီး အဖွဲ့အစည်းရဲ့လုပ်ငန်းလည်ပတ်မှုဟာ နှစ်ပေါင်း ၃၀ ဝန်းကျင်ရှိပြီဖြစ်ပါတယ်။

BACI အဖွဲ့ဟာ အဓိကအားဖြင့်ရွှေ့ပြောင်းနေထိုင်သူများအရေးနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရကိုသော်လည်းကောင်း၊အမေရိကန်အစိုးရနဲ့ လွှတ်တော်ကိုသော်လည်းကောင်း နှိုးဆော်တိုက်တွန်းခြင်းလုပ်ငန်း (Advocacy ) များကို တစ်စိုက်မတ်မတ်ဆောင်ရွက်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။

အခုလို အမေရိကန်ကို ရွှေ့ပြောင်းနေထိုင်လာသူများအရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်ရာမှာကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှု အခက်အခဲတွေလည်းများစွာရှိနေကြောင်း၊ အလုပ်အကိုင်တည်မြဲရေး၊သားသမီးများရဲ့ ပညာရေးနဲ့ နေ့စဉ်စားဝတ်နေရေးကအစ စိန်ခေါ်မှုများရှိနေဆဲဖြစ်တယ်လို့VOA Burmese နဲ့အင်တာဗျူးမှာလည်း Elaisa Vahnie ကဖြေကြားခဲ့ပါတယ်။

Elaisa Vahnie က “ နိုင်ငံရေးအရ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ပတ်သက်ပြီးမူဝါဒအပြောင်းအလဲဖြစ်တာ၊ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ပြောစကားတွေကဒီရွှေ့ပြောင်းနေထိုင်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာမှာ အများကြီးသက်ရောက်မှုရှိပါတယ်။အမေရိကန်ကိုရွှေ့ပြောင်းနေထိုင်နိုင်ဖို့ မလေးရှား၊ ထိုင်း၊ အိန္ဒိယနိုင်ငံတွေကနေ UNကဒ်ကိုင်ဆောင်ပြီး နှစ်နဲ့ချီစောင့်ဆိုင်းနေတဲ့ သူတွေအများကြီးရှိပါတယ်။ အဲဒါကိုဒုက္ခသည်များဝင်ရောက်ခွင့်တွေကို ပိတ်လိုက်တာ၊ လျှော့ချလိုက်တာစသဖြင့်မူဝါဒအပြောင်းအလဲတွေကြောင့် ကိုယ့်ဒေသလည်းပြန်မရ၊တတိယနိုင်ငံဖက်ကိုကူးဖို့လည်းအခွင့်မသာတော့ဘူးဆိုတာမျိုးတွေဖြစ်နေပါတယ်။ ‌ဒါကြောင့်စိတ်ဓာတ်ကျပြီး ကိုယ့်ဟာကိုယ်အဆုံးစီရင်တာတွေလည်းအများကြီးရှိပါတယ်” လို့ VOA နဲ့မေးမြန်းခန်းမှာ ဖြေကြားပါတယ်။

Burmese American Community Institute (BACI) ရဲ့ အမေရိကန်ကိုရွှေ့ပြောင်းနေထိုင်သူများအရေးနဲ့ပတ်သက်ပြီး နှိုးဆော်တိုက်တွန်းမှုများကြောင့်အောင်မြင်မှုရရှိတဲ့အရာများအနက် ပညာရေးပိုင်းကိုအားရကြောင်း၊ တစ်ခြားနိုင်ငံက လာတဲ့အသိုင်းအဝိုင်းများထက် မြန်မာနိုင်ငံက ရောက်ရှိလာသူတွေရဲ့ သားသမီး ၉၀ရာခိုင်နှုန်းနဲ့အထက် ကျောင်းပညာရေးမှာ ဆက်လက်ပညာဆည်းပူးနိုင်ကြတာဖြစ်တယ်လို့Elaisa ကပြောပါတယ်။

အမေရိကန်နိုင်ငံရဲ့ မကြာခင် အစိုးရအသစ်အပြောင်းအလဲမှာသမ္မတရာထူးနေရာအသစ်အတွက် Republican ပါတီကနေ Donald Trumpကတာဝန်လွှဲပြောင်းယူတော့မှာဖြစ်ပြီး အသစ်တက်လာမယ့် သမ္မတရဲ့မဲဆွယ်စည်းရုံးရေးကာလကတည်းက ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး ဟောပြောမှုများမှာစိုးရိမ်စရာအချို့ရှိနေပြီး အစိုးရသစ်တက်လာပြီး ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်ချလာတဲ့အပေါ်မှာ မိမိတို့အဖွဲ့အနေနဲ့ မည်သို့မည်ပုံချည်းကပ်ဆောင်ရွက်သွားမည်ကိုလည်း ပြင်ဆင်ထားတယ်လို့ Elaisa က VOAနဲ့အင်တာဗျူးမှာဖြေကြားထားပါတယ်။

Burmese American Community Institute (BACI) အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စု၊Indianapolis ရှိ မြန်မာအသိုင်းအ၀ိုင်းအား ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာပံ့ပိုးကူညီမှုပေးနေပြီး ၂၀၁၁ ခုနှစ်မှာတရားဝင်အဖွဲ့အစည်းအဖြစ်တည်ထောင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *