Headlines

မဏိပူရ်ပြည်နယ်မှာ နေထိုင်သူများအနေနဲ့ နောင်တွင် လူမျိုးရေးပြသနာကိုဆွေးနွေးအဖြေရှာခြင်းဖြင့် ဖြေရှင်းရန် ဝန်ကြီးချုပ်တိုက်တွန်း

ဇန်န၀ါရီလ ၂၁ ရက်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အတွင်းနေထိုင်ကြတဲ့ မျိုးနွယ်စုအားလုံးအနေနဲ့အချင်းချင်းကြားနားလည်မှုလွဲမှားတဲ့ကိစ္စရပ်များကို အကြမ်းဖက်နည်းလမ်းမဟုတ်ပဲဆွေးနွေးအဖြေရှာတဲ့နည်းလမ်းနဲ့ဖြေရှင်းပြီး လူမျိုးနွယ်စုတစ်ခုနဲ့တစ်ခုအကြား အသိအမှတ်ပြုကာနေထိုင်ကြရမှာဖြစ်တယ်လို့ ဇန်နဝါရီလ (၂၁) ရက်နေ့တွင်ကျရောက်တဲ့ ၅၃ နှစ်မြောက်မဏိပူရ်ပြည်နယ်နေ့မှာ ဝန်ကြီးချုပ် N Biren Singh ကတိုက်တွန်းပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ်က “ နားလည်မှုလွဲမှားမှုတိုင်းကို အတူတကွ ဆွေးနွေးဖြေရှင်းသင့်တယ်။မသက်ဆိုင်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးပြီး ပြသနာကို လမ်းကြောင်းလွှဲဖို့ ကြိုးစားတာကိုရပ်လိုက်ကြရအောင်။ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ မဏိပူရ်ပြည်နယ်အတွင်းတရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို မှန်မှန်ကန်ကန်ဖော်ထုတ်ပြီးမောင်းထုတ်ရမှာဖြစ်တယ်။ ပြည်နယ်အတွင်း မူလကတည်းက အခြေချနေထိုင်တဲ့မျိုးနွယ်စုအချင်းချင်း အသိအမှတ်ပြုပြီး အတူတကွ နေထိုင်ရန် လိုအပ်ပါတယ်”
လို့ပြောပါတယ်။

မဏိပူရ်ပြည်နယ်အတွင်း နေထိုင်ကြတဲ့ ကသည်းလူမျိုးများနဲ့ ဇို-ကူကီးလူမျိုးနွယ်စုတို့အကြား၂၀၂၃ ခုနှစ် မေလက စတင်ပြီး လူမျိုးရေးအကြမ်းဖက်မှုများကြောင့် လူပေါင်း ၂၅၀ကျော်သေဆုံးပြီး လူပေါင်း ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့အပြင်ဘာသာရေးအဆောက်အဦးပေါင်း ၃၈၆ ခုပျက်စီးခဲ့ပါတယ်။

မဏိပူရ်အစိုးရဟာ မဏိပူရ်ပြည်နယ်အတွင်း လူငယ်အများအပြား မူးယစ်ဆေးဝါးသုံးစွဲမှုတွင်များစွာပတ်သက်လာပြီး သေဆုံးမှုများလာတာကြောင့် ၂၀၁၈ ခုနှစ်ကစပြီးမူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းကို တစ်စိုက်မတ်မတ် စတင်ဆောင်ရွက်ခဲ့ပြီးလက်ရှိအချိန်ထိ အိန္ဒိယရူပီးငွေ ၇ သောင်း မှ ၈ သောင်းကျော်တန်ဖိုးရှိ တရားမဝင်မူးယစ်ဆေးဝါးများကိုဖျက်စီးနိုင်ခဲ့တယ်လို့ ပြည်နယ်နေ့အခမ်းအနားမှာ ဝန်ကြီးချုပ် Singhကထည့်သွင်းပြောကြားခဲ့ပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအတွင်း ခြိမ်းခြောက်မှုကြီးကြီးမားမားဖြစ်လာတဲ့ဘိန်းစိုက်ပျိုးမှုများဟာ မဏိပူရ်ပြည်နယ်အတွင်းကိုလည်း ပျံ့နှံ့လာပြီး အချို့ဒေသများမှာမူးယစ်ဆေးဝါးချက်စက်ရုံများကိုလည်းတွေ့လာရတယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်။

သူက “ အခုချိန်ထိ ဘိန်းစိုက်ခင်း ဟက်တာ ၃ သောင်းကျော်ကို ဖျက်စီးနိုင်ခဲ့ပြီးပါဝင်ပတ်သက်တဲ့ ရွာသူကြီးအများအပြားကိုလည်း ဖမ်းစီးရမိခဲ့ပါတယ်။မူးယစ်ဆေးဝါးပပျောက်ရေးအတွက်လည်း စည်းစည်းလုံးလုံးဆောင်ရွက်ဖို့တိုက်တွန်းလိုပါတယ်” လို့ပြောပါတယ်။

မဏိပူရ်ဟာ အိန္ဒိယနိုင်ငံတွင်းက ပြည်နယ်တစ်ခုအဖြစ် ၁၉၇၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှာတရားဝင်ပြည်နယ်အဖြစ် သတ်မှတ်ခံထားရပြီး မဏိပူရ်ပြည်နယ်နေ့ကိုနှစ်စဉ်ကျင်းပလာတာအခုဆိုရင် ၅၃ နှစ်မြောက်ရှိပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *