
ဇန်နဝါရီလ ၂၀ ရက်။
စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ် (CDF – Mindat) အနေနဲ့ မိုင်းရှင်းနေတာ ၈၀ ရာခိုင်နှုန်းပြီးနေပြီလို့ သိရပြီး စစ်ကောင်စီတပ်စခန်းချခဲ့တဲ့ နေရာတွေ အချိန်ယူရှင်းဖို့ကျန်နေသေးတယ်လို့ CDF – Mindat ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က Chin World Media ကိုပြောပါတယ်။
CDF – Mindat ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က “မင်းတပ်မြို့ကိုတော့ အခုလောလောဆယ် သန့်ရှင်းရေးတွေလုပ်နေတယ် မိုင်းတွေဖော်နေတယ် ရေတွေပြန်သွယ်ဖို့ကြိုးစားနေတယ် နောက်ပြီးမြို့ပေါ်က ခွေးလေ၊ ခွေးလွင့်တွေကို ကျနော်တို့ ခွေးရူးကာကွယ်ရေးထိုးတာမျိုး ပြင်ဆင်နေတာမျိုးရှိတယ် ဘယ်အချိန်လောက်ပြည်သူတွေ နေထိုင်နိုင်မလဲဆိုတာကတော့ မိုင်းရှင်းနေတာက ၈၀ ရာခိုင်နှုန်းတော့ ပြီးနေပါပြီ ဒါပေမယ့် တချို့နေရာလေးတွေက ေတာ်တော်လေးအချိန်ယူပြီး ရှင်းရမယ်ပေါ့ အထူးသဖြင့် စစ်ကောင်စီတပ်စခန်းချခဲ့တဲ့ နေရာနဲ့ အနီးနားဝန်းကျင်တွေပေါ့လေ အဲလိုဆိုတော့ ပြည်သူတွေလည်း ပြန်နေလို့ရအောင် ဘယ်လိုမျိုးလေး အဆင်ပြေအောင် ပြင်ဆင်ကြမလဲဆိုတာတော့ရှိမယ် အဲဒီမိုင်းရှင်းတာနဲ့ ပတ်သက်လို့ပေါ့နော် ဒါပေမယ့် မြို့ပေါ်ပြည်သူလူထု အများကြီးပြန်လာနေပြီဆိုရင်လည်း ရေမရှိတော့ ဘူးဆိုရင် ရေအခက်ခဲလည်း တစ်မျိုးပြန်ဖြေရှင်းရအုန်းမယ်ပေါ့နော် အဲဒါလေးတစ်ချက်ပြန်စောင့်ကြည့်ရဖို့ ရှိတယ်” လို့ပြောပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲနောက်ပိုင်း မိုင်းကြောင့် ဒေသခံပြည်သူ ထိခိုက်ဒဏ်ရာရတာမျိုး ၂ ကြိမ်လောက်ဖြစ်ခဲ့ပေမယ့် သေဆုံးတာ ကိုယ်လက်အင်္ဂါ ဆုံးရှုံးတာမျိုးထိတော့ မရှိသလောက် အခြေအနေလို့ ကိုယောမာန်ကပြောပါတယ်။
“တောင်ယာထဲနေရင်းပေါ့နော် တချို့ပြည်သူတွေထိခိုက်မိတာမျိုးရှိတယ် ဒါပေမယ့် အနည်းအကျဉ်းပါဘဲ သေဆုံးတာမျိုး ကိုယ်လက်အင်္ဂါမစုံလင်တာမျိုးတော့ မရှိသလောက်ပေါ့ မြို့ပေါ်ပြည်သူတွေ ပြန်နေပြီဆိုရင်လည်း လုံလုံခြုံခြုံနဲ့ပေါ့နော် ဆိုပါဆို့ ည ၁နာရီ ၊ ၂ နာရီ မိန်းကလေး ၁၃ နှစ်၊ ၁၄ အရွယ် သွားရင်လည်း လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ်သွားလို့ရအောင်ပေါ့နော် အဲလိုမျိုးအဆင့်ဖြစ်အောင် စီစဉ်သွားဖို့ရှိပါတယ် ကျနော်တို့ရည်မှန်းတာကတော့ တရားဥပဒေစိုးမိုးရေးနဲ့ စားဝတ်နေရေးပြေလည်ရေး အဲဒါက ကျနော်တို့ဦးစားပေး အစီစဉ်တွေပါ လုံလုံခြုံခြုံနေထိုင်သွားလာ စီးပွားရေးလုပ်နိုင်အောင် အဲလိုမျိုး ပြည်သူ့ဝန်ဆောင်မှုတွေ တဆင့်ပြီးတစ်ဆင့် သေချာပေးသွားဖို့ရှိပါတယ်” လို့ကိုယောမာန်ကပြောပါတယ်။
မင်းတပ်မြို့အုပ််ချုပ်ရေးနဲ့ပတ်သက်ပြီးရင်လည်း အရင်မြို့နယ်တစ်ခုလုံးမှာ လည်ပတ်လာတဲ့ အုပ်ချုပ်ရေးကို မြို့ပေါ်ပြောင်းရွှေ့ရုံသဘောဆိုပေမယ့် မြို့ပေါ်အုပ်ချုပ်ရေးပိုင်းမှာ ရွာနဲ့ တိုက်နယ်တွေက အုပ်ချုပ်ရေးပုံစံနဲ့တော့ တူမှာ မဟုတ်ကြောင်း စည်ပင်၊ ဆောက်လုပ်ရေး စတဲ့ တခြားဌာနတွေတိုးသွားဖို့ တချို့ဌာနတွေကို ဖျက်သိမ်းလိုက်တာမျိုးလည်း ရှိမယ်လို့ ကိုယောမာန်ကပြောပါတယ်။
ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အဖြစ်ဖော်ဆောင်ခဲ့တဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ကနေ CDF-Mindat နဲ့ချင်းညီနောင်အဖွဲ့က မဟာမိတ်ပူးပေါင်းအဖွဲ့တွေနဲ့ မင်းတပ််မြို့ကစစ်ကောင်စီစခန်းတွေကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ မင်းတပ််မြို့ကိုအပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။