ဇန်နဝါရီလ ၁၆ ရက်။
ဝဥကို အဓိကစီးပွားဖြစ်စိုက်ပျိုးရောင်းချနေတဲ့ ချင်းပြည်နယ်၊ တောင်ပိုင်း မင်းတပ်မြို့နယ်က တောင်သူတွေ ဒီနှစ်မှာ ဝဥဈေးကောင်းပြန်ရလာတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဝဥဈေးနှုန်းက အစိုတစ်ပိဿာ ၆၀၀ ကျော်ဝန်းကျင်ကနေ လက်ရှိ ၁၅၀၀ ကျပ်အထိ ဈေးပြန်ရပြီး ဝဥ အခြောက် တစ်ပိဿာ ကျပ် ၅ထောင်ကျော်ဈေးကနေ ၁ သောင်းကျော်အထိ ဈေးပြန်ရလာတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “ဝဥဈေးတွေကတော့ ပိုကောင်းလာတယ်လို့သိရတယ် ဈေးတော့ ဘယ်လောက်ရလဲတော့ အတိအကျမသိဘူး ဒီနှစ်တော့ အောက်ပြည်နဲ့ နီးတဲ့ ဒေသတွေကို ရောင်းကြတယ် ဒိုင်တွေဘက်လည်း ဈေးကောင်းပေးဝယ်တယ် ဒါပေမယ့် လက်လှမ်းမမှီတဲ့ ဒေသတွေမှာတော့ မသေချာ မရေရာပါပဲ ဒါပေမယ့် ဝဥစိုက်တဲ့ တောင်သူတွေက ဒီနှစ် ဈေးကောင်းရတယ်ဆိုတော့ အားပိုရှိတယ်” လို့ပြောပါတယ်။
စစ်တပ်ကအာဏာမသိမ်းခင်က ဝဥ အစို တစ်ပိဿ ၁၅၀၀ ကျပ်ဝန်းကျင်ရှိပြီး ဝဥ အခြောက်တစ်ပိဿာက ၂ သောင်းကျပ်အထိ ဈေးရှိခဲ့တယ်လို့လည်း သိရပါတယ်။
မင်းတပ်မြို့နယ်မှာ ဝဥ ကို အဓိက စီးပွားဖြစ် စိုက်ပျိုးကြတာဖြစ်ပြီး စစ်ကောင်စီအာဏာ သိမ်းပြီးနောက်ပိုင်း ဝဥစိုက်ပျိုးတဲ့ တောင်သူတွေဟာ ပို့ဆောင်ရေးအခက်အခဲနဲ့စျေးကွက်အခြေအနေတွေကြောင့် အရင်ကထက် ဈေးကောင်းမရတဲ့ အခြေအနေ ကြုံခဲ့ရာက အခုမှ ဈေးကောင်းပြန်ရလာတာလို့လည်း သိရပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ဝဥရောင်းတဲ့ ဈေးကွက်တွေတော့ ရှိခဲ့ပေမယ့် ဝဥ အခြောက်တစ်ပိဿာကို ၅ ထောင်ကျော်ဝန်းကျင်နဲ့ ဝဥအစိုတစ်ပိဿာကို ၆၀၀ ကျော်ဝန်းကျင်သာ ဈေးရပြီး အာဏာမသိမ်းခင်က ဈေးနှုန်းရဲ့ သုံးပုံတစ်ပုံလောက်သာ ရခဲ့တာလို့ သိရပါတယ်။
ဝဥကို စားသောက်ကုန် (ကုန်ချော) ဖြစ်အောင် ပြန်လုပ်ပြီး ပြည်ပနိုင်ငံတွေကိုအဓိက တင်ပို့တာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ထွက်ပေါက်တွေ အားလုံးနီးပါး ပိတ်ဆို့တာနဲ့ မြန်မာနိုင်ငံမှာ အခြေချပြီး ဝယ်ယူနေတဲ့သူတွေကလည်း ဘဏ်လုပ်ငန်းနဲ့ ငွေကြေးစီးဆင်းမှု အဆင်မပြေတာတွေကြောင့် စတဲ့ အခက်ခဲတွေကြောင့် ဝယ်ယူမှုနည်းပါးသွားပြီး ဈေးနှုန်း အကျဘက်ကို ဦးတည်သွားခဲ့ရတာလို့လည်း သိရပါတယ်။