ဇန်န၀ါရီလ ၁၀ ရက်။
ခရစ်စမတ်ကာလကတည်းက ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနယ်စပ်ကနေ အိန္ဒိယနိုင်ငံဖက်ကိုစစ်ဘေးရှောင် ဖို့ ခြေကျင်နဲ့လျှောက်လာတဲ့ ချင်းလူမျိုး Bawm မျိုးနွယ်စု လူဦးေရ ၃၀ ခန့် ကို မီဇိုရမ်ပြည်နယ် Lawngtlai ခရိုင်တွင်းရောက်ရှိလာခဲ့တဲ့အတွက် Tuithumhar ကျေးရွာရှိအာသံရိုင်ဖယ်တပ်စခန်းမှာ ခိုလှုံခွင့်ပေးထားလျက်ရှိနေကြောင်း ခရိုင်ရဲတပ်ဖွဲ့က ဇန်န၀ါရီလ (၉)ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ထိုသို့ ခရစ်စမတ်ကာလကတည်းက ခြေကျင်နဲ့ စစ်ရှောင်ဖို့ထွက်လာသူများမှာမွေးကင်းစကလေးငယ် (၉) ဦးအပါအဝင် ကလေးငယ်ပေါင်း ၁၅ ဦး၊ အမျိုးသား (၈) ဦး၊အမျိုးသမီး (၅) ဦးတို့ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ မြန်မာနိုင်ငံနယ်စပ်စစ်တကောင်းတောင်တန်းဒေသရှိ Bandarban ခရိုင်ရှိ ခမ်တလန်ပါရာ ကျေးရွာနဲပေါက်ခန်းကျေးရွာကနေ စစ်ရှောင်လာတာဖြစ်တယ်လို့ အာသံရိုင်ဖယ်စခန်းကိုသွားရောက်ကြည့်ရှုခဲ့တဲ့ Hruitezawl ကျေးရွာကောင်စီဥက္ကဌ Rinsanga ကပြောပါတယ်။
သူက “အခု အာသံရိုင်ဖယ်တပ်က အစားအစာ၊ အမိုးအကာ၊ အနွေးအထည် နဲ့ဆေးဝါးများကိုထောက်ပံ့ထားပြီး သူတို့စခန်းမှာပဲ အနားယူခိုင်းထားကြပါတယ်” လို့ဆိုပါတယ်။
အခုချိန်ထိ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားမှာနေထိုင်တဲ့ ချင်းမျိုးနွယ်စုဝင် (Bawmမျိုးနွယ်စု) များဟာ မီဇိုရမ်ပြည်နယ်အတွင်းစစ်ရှောင်အဖြစ်ရောက်ရှိသူ ၅၉၂၂ ဦးနဲ့မဏိပူရ်ပြည်နယ်ဖက်ကို စစ်ရှောင်သူ ၈၄ ဦးအထိရှိတယ်လို့ The Time of Indiaကဖော်ပြပါတယ်။
အိန္ဒိယဗဟိုတပ်ဖွဲ့များက ဒီဇင်ဘာလ (၂၇) ရက်နေ့က မီဇိုရမ်ပြည်နယ်အတွင်း ရောက်လာတဲ့စစ်ဘေးရှောင်ဒုက္ခသည် ၃၅ ဦးကို တရားမဝင်ရောက်လာသည်ဟုဆိုကာ၄င်းတို့လာလမ်းအတိုင်း ပြန်ပို့ပေးခဲ့ပါတယ်။
အခုခြေကျင်နဲ့ ခရီးကြာရှည်လျှောက်ပြီး မီဇိုရမ်ပြည်နယ်အတွင်းရောက်ရှိလာတဲ့စစ်ဘေးရှောင်တွေကို သူတို့လာလမ်းဖက်ကို ပြန်မပို့ရန်နဲ့ Hruitezawl ရွာမှာ ခိုလှုံခွင့်ပေးထားရန်မီဇိုရမ်ပြည်နယ်အစိုးရက Lawngtlai ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊လက်ထောက်ကော်မရှင်နာကတစ်ဆင့် အာသံရိုင်ဖယ်အရာရှိများကို ညွှန်ကြားထားတယ်လို့
သိရပါတယ်။
ချင်းလူမျိုး၊ Bawm မျိုးနွယ်စုများဟာ အဓိက Lai ဘာသာစကားကို အသုံးပြုကြသူများဖြစ်ပြီးရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ် ပလက်၀ နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်လျှောက်မှာနေထိုင်ကြပြီး စစ်ကောင်စီရဲ့အာဏာသိမ်းမှုမဖြစ်ပွားခင် ၂၀၁၉ ခုနှစ် ကတည်းကအာရက္ခတပ်မတော်(AA)နဲ့ မြန်မာတပ်မတော်တို့အကြား စစ်ပွဲများကြောင့်စစ်ဘေးတိမ်းရှောင်နေခဲ့ကြရပါတယ်။