
ဇန်နဝါရီလ ၂၂ ရက်။
ချင်းညီနောင်အဖွဲ့က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ မြို့ အနောက်ခြမ်းတွေကို စစ်ကောင်စီတပ်က ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာဘဲ တိုက်လေယာဉ် ၂ စီး နဲ့ Y – 12 တွေအသုံးပြုကာ လေကြောင်းကနေ အပြင်းအထန် ၄ ကြိမ် ထက်မနည်းဗုံးကြဲတိုက်ခိုက်တာတွေ လုပ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
ဒေသခံ စစ်ရေးသတင်းရင်းမြစ်က “ထိခိုက်မှုတော့ မရှိဘူး Y – 12 က ကြဲတာများတယ် နေ့တိုင်းတော့ လေကြောင်းကနေ ကြဲတာမျိုးတော့ မဟုတ်ဘူး နောက်ဆုံးသူတို့ကြဲတာ ၁၈ ရက်နေ့ကပေါ့ ဒီကနေ့မှာ ပြန်ကြဲတာတွေ လုပ်နေတယ်” လို့ပြောပါတယ်။
မိထ္ထီလာရှမ်းတဲလေတပ်ကနေ MIG – 29 ဂျက်ဖိုက်တာလေယာဉ်က ဒီကနေ့ မနက်ပိုင်း ၁၂ နာရီဝန်းကျင်မှာ ဖလမ်းမြို့အနောက်ခြမ်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့သလို တံတားဦးလေတပ်ကနေ Yark – 130 ဖိုက်တာနဲ့လည်း ၂ ကြိမ်တိုက်ခိုက်ခဲ့ပြီး တံတားဦးလေတပ်ကနေဘဲ Y – 12 Military transport Aircraft နဲ့တော့ နေ့လည် ၁၂ နာရီခွဲလောက်ကနေ နေ့လည် ၁ နာရီအထိ ဖလမ်းမြို့ကို ကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
ဖလမ်းမြို့ကို သိမ်းပိုက်နိုင်ဖို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)ပါဝင်တဲ့ ချင်းညီနောင်တပ်ဖွဲ့နဲ့ မဟာမိတ်တွေက ဖလမ်းမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ လက်ရှိအချိန်ထိ ထိုးစစ်ဆင်တိုက်ခိုက်နေကာ ဖလမ်းမြို့ထဲက စစ်ကောင်စီ အထိုင်ချစခန်း၊ ရဲစခန်းတွေ အားလုံးကို သိမ်းပိုက်ထားပြီး နောက်ဆုံး ကျန်နေသေးတဲ့ ခလရ – ၂၆၈ တပ်ကုန်းကို သိမ်းပိုက်နိုင်ဖို့ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။