ဇန်နဝါရီလ ၁၇ ရက်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ငေါန်(Ngawn ) ဒေသအတွင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA)က ငေါန်အမည်ခံလက်နက်ကိုင် တပည့်မွေးထုတ်တာ၊ ငေါန်ဒေသအတွင်း CNF/CNA လက်အောက်ခံ တပ်စခန်းထားရှိရန် ပြင်ဆင်တာတွေကို ကန့်ကွက်ရှုံ့ချတယ်လို့ ငေါန်အဖွဲ့ချုပ်ကောင်စီ(NUC)က ဒီကနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ရဲ့ပြောရေးဆိုခွင့်ရှိ ဆလိုင်းထက်နီက “ ငေါန်ဒေသမှာ CNA တပ်ခန်းထားပေးဖို့ ဒေသခံတွေ တောင်းဆိုနေတာတော့ ရှိတယ်၊ ဒါပေမဲ့ စစ်ရေးအရ အရေးပါမှု ဘယ်လောက်ရှိသလဲ ဆိုတာလဲ ချိန်တွက်ရမှာပေါ့ ၊ တော်လှန်ရေးကာလမှာ အဖွဲ့အစည်းကလည်း မှိုလိုပေါက်နေတော့ သူတို့အနေအထားလည်း စဉ်းစားရမှာပေါ့”လို့ Chin World Media ကိုပြောပါတယ်။
ငေါန်လူငယ်တွေကို အသုံးချပြီး ငေါန်လူမျိုးနွယ်စု အမည်ခံလက်နက်ကိုင်တစ်ခု ဖြစ်ပေါ်လာအောင် CNF/CNA က နောက်ကွယ်ကနေ အခကြေးငွေပေးပြီး အကြိမ်ကြိမ် ကြိုးပမ်းပေးနေတာဟာ ငေါန်လူမျိုးနွယ်စု အဖွဲ့ချုပ်ကောင်စီမှ မလိုလားအပ်တဲ့ မျိုးနွယ်စု အချင်းချင်းကြား ပဋိပက္ခ ဖြစ်ပေါ် လာနိုင်တာကြောင့် လက်နက်ကိုင် တပည့် မွေးထုတ်တာ မလုပ်ဖို့ CNF/CNA ထံကိုလည်းကောင်း၊ ချင်းလဲန်းကောင်စီထံကိုလည်းကောင်း အကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ ငေါန်အဖွဲ့ချုပ်ကောင်စီက ထုတ်ပြန်ပါတယ်။
ချင်းညီနောင်အဖွဲ့ရဲ့ မင်းတပ်၊ ဖလမ်း စစ်ရေးဖော်ဆောင်ရန် ပြင်ဆင်နေတာကို အခွင့်ကောင်းယူပြီး ငေါန်ဒေသအတွင်း CNF/CNA တပ်စခန်းထားရှိးနိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့မှနိုဝင်ဘာလ ၂ ရက်နေ့အတွင်းလည်းကောင်း၊ နိုဝင်ဘာလ ၁၄ ရက်နေ့ကနေ ၂၅ ရက်နေ့အတွင်းလည်းကောင်း၊ဒီဇင်ဘာလ နဲ့ ဇန်နဝါရီလ အတွင်းလည်းကောင်း CNF/CNA ကောင်စီလက်အောက်က ရဲဘော်တွေကို အသုံးချပြီး အကြိမ်ကြိမ် သွေးခွဲ စည်းရုံးရေးတွေကို စေလွှတ်ခဲ့တယ်လို့ ငေါန်အဖွဲ့ချုပ်ကောင်စီက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီကင်းစင်ပြီး လွတ်မြောက်နေတဲ့ ဖလမ်းခရိုင်၊ ငေါန်နယ်မြေအတွင်း CNF /Aေကာင်စီအစိုးရ လက်အောက်ခံ တပ်ဖွဲ့တွေက ငေါန်မျိုးနွယ်စု အချင်းချင်းကြား သွေးခွဲစည်းရုံးခြင်း၊ ငေါန်ကျေးရွာ အချင်းချင်းကြား ရန်တိုက်ပေးခြင်း၊ နောက်ကွယ်အခကြေးငွေပေး လက်အောက်ခံငေါန်မျိုးနွယ်စု လက်နက်ကို်င်အဖွဲ့ တည်ထောင်ရန် ပံ့ပိုးကူညီပေးခြင်း အောက်ခြေဆင်းရဲသား၊ တောင်ယာလုပ်စား ပြည်သူတွေကို အာဏာပြ ခြင်း ငေါန်နယ်မြေမှာ ဒေသခံပြည်သူတွေ ဆန္ဒမရှိဘဲ CNF/A တပ်စခန်း ထားရှိဖို့ ကြိုးစားနေတာတွေကို ကန့်ကွက်ရှုံ့ချတဲ့ကြောင်းနဲ့ ဆက်လက်လုပ်ဆောင်ခြင်းလုံးဝ မပြုလုပ်ဖို့ ငေါန်အဖွဲ့ချုပ်ကောင်စီ အနေနဲ့ ထပ်မံအသိပေးတာလို့ ဆိုပါတယ်။
ငေါန်အဖွဲ့ချုပ်ကောင်စီကို ၂၀၂၂ ခုနှစ်မှာဖလမ်းခရိုင်၊ ငေါန်နယ်မြေဒေသနှင့် ငေါန်ကျေးရွာတွေကို အခြေခံပြီး ငေါန်လူမျိုးနွယ်စု ကိုယ်စားပြု အဖွဲ့ချုပ်ကောင်စီအဖြစ် တည်ထောင်ခဲ့ကြောင်းသိရပါတယ်။