
ဇန်နဝါရီလ ၁၄ ရက်။
တီးတိန်မြို့သိမ်းတိုက်ပွဲကို တီးတိန်မြို့နယ်ကောင်စီရဲ့ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သော PDA-Tedimမှ မဟာမိတ်တပ်များ နှင့်အတူ ဖော်ဆောင်မည်ဖြစ်ပါကြောင်း၊ တီးတိန်မြို့နယ်အတွင်း ပြည်သူလူထုများ အချိန်မီပြင်ဆင်နိုင်ရန် အသိပေးခြင်းဖြစ်ကြောင်း စတဲ့အချက်ပါဝင်တဲ့ အသိပေးကြေငြာချက်ကို တီးတိန်မြို့နယ်ကောင်စီက ဇန်နဝါရီလ ၁၄ ရက်ညနေမှာ ထုတ်ပြန်ပါတယ်။
တီးတိန်မြို့နယ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ” တီးတိန်မြို့သိမ်းတိုက်ပွဲကို တီးတိန်မြို့နယ်ကောင်စီ၏ ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သော PDA-Tedimမှ မဟာမိတ်တပ်များနှင့်အတူ ဖော်ဆောင်မည်ဖြစ်ရာ မည်သည့်အဖွဲ့အစည်းကမှ ကန့် ကွက်ခွင့်မရှိသလို ကိုယ့်မြို့ကိုယ်သိမ်းမည်ဖြစ်၍ အမှန်တကယ် အကြမ်းဖက်စစ်ကောင်စီ တပ်သား များ ချေမှုန်းကင်းစင်စေလိုသော မည်သည့်တော်လှန်ရေးအဖွဲ့အစည်းမဆို လာရောက်ပူးပေါင်းရေး အတွက် အကူအညီ တောင်းဆိုပါကြောင်း” ထည့်သွင်း ဖော်ပြပါတယ်။
ဒါ့အပြင် မျိုးနွယ်စု အရေး နဲ့ ပတ်သက်ပြီး “တီးတိန်မြို့နယ်ကောင်စီအတွင်းရှိ မြို့၊ ရပ်ကွက်၊ ကျေးရွာအသီးသီးတွင် ဆိုင်းဇန်မျိုးနွယ်စု၊ တေဇန်မျိုးနွယ်စု၊ ထာဒိုမျိုးနွယ်စု၊ ခေါနူးမျိုးနွယ်စု၊ စီးယင်းမျိုးနွယ်စု၊ ဟွာလ်ငိုမျိုးနွယ်စု၊ ငွန်းမျိုးနွယ်စု၊ ဇိုမျိုးနွယ်စု၊ ဒိမ်မျိုးနွယ်စု ဟူ၍ ဒေသအလိုက် နေထိုင် လျှက်ရှိပြီးကြောင်း၊ ဇိုမီး(ချင်း) (ဝါ) တီးတိန်ချင်းဟု ချင်းပြည်တောင်ပိုင်း၊ အလယ်ပိုင်းရှိ ညီနောင်ချင်းများနှင့် အခြား တိုင်းရင်းသားများက သိရှိလက်ခံကြသည်မှာ ရာစုနှစ်ကျော်ပြီးဖြစ်ပါကြောင်း” ယင်း ထုတ်ပြန်ချက်မှာဖော်ပြထား ပါတယ်။
တော်လှန်ရေး အတွက် အဖွဲ့ကွဲခဲ့မှုများ နှင့် ပတ်သက်ပြီး “လက်ရှိတွင် တီးတိန်မြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ အစိုးရအား ချေမှုန်းသည့် တော်လှန်ရေးအဖွဲ့အဖြစ် PDA-Tedim, PDF Zoland, COM-Siyin, Hualngoram-CDF စသည့်အဖွဲ့(၄)ဖွဲ့နှင့် စစ်ကောင်စီတော်လှန်တိုက်ခိုက်ခြင်း မပြုသည့် ZRA-ECတစ်ဖွဲ့ စုစုပေါင်း လက်နက်ကိုင်တပ်ဖွဲ့(၅)ဖွဲ့ရှိကြောင်း၊ ကျောင်းနေဖက်သူငယ်ချင်း များပင် မတူညီသည့် အဖွဲ့အစည်းအသီးသီး၌ ကိုယ်ကျိုးစွန့်ကာ မြန်မာပြည်ဖက်ဒရယ်ဒီမိုကရေစီ စနစ်ဖြင့် ပြုပြင်ပြောင်းလဲရေးအတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက်ဖြင့် အာဏာရှင်အကြမ်းဖက် စစ်အစိုးရအား အမြစ်ပျောက်ချေမှုန်းရေး ဆောင်ရွက်လျှက်ရှိကြောင်း” ကိုလည်း ထုတ်ပြန်ချက်မှာဆက်လက် ဖော်ပြထားပါတယ်။
တီးတိန်မြို့သိမ်း တိုက်ပွဲ ဖော်ဆောင်ရေး နှင့် ပတ်သက်ပြီး “လက်ရှိတွင် ကျွန်ုပ်တို့ ဇိုမီး(ချင်း)များ၏ အခြေပြုနေထိုင်ရာ တီးတိန်မြို့နှင့် ခိုင်ကမ်းမြို့တွင်း၌သာ အကြမ်းဖက် စစ်ကောင်စီ၏ တပ်သားများ တပ်ချနေထိုင်လျှက် ရှိသေးသဖြင့် အလျင်အမြန် တိုက်ခိုက် သိမ်းယူရေး အတွက် တီးတိန်မြို့နယ်ကောင်စီ၏ ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သော PDA-Tedim သည် စစ်ရေးမဟာမိတ်များနှင့်အတူ စစ်ကောင်စီအား အမှန်တကယ် တော်လှန်တိုက်ခိုက်နေသည့် မည်သည့် တော်လှန်ရေးတပ်ဖွဲ့မဆို တိုက်ပွဲဝင်ရန်အတွက် ဖိတ်ခေါ် အကူအညီတောင်းအပ်ပါကြောင်း” လည်း ထုတ်ပြန်ချက်မှာဖော်ပြထား ပါတယ်။
တီးတိန်မြို့နယ် ကောင်စီမှ ယင်း ကြေငြာချက် ထုတ်ပြန်ပြီးချိန်နောက်ပိုင်း၊ ဒီကနေ့ဇန်နဝါရီလ ၁၄ ရက် ည ၈ နာရီဝန်းကျင်မှာတီးတိန်မြို့ရှိ ၂၆၉ တပ်ရင်းမှ တီးတိန််ဂေါက်ကွင်းဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် လိုက်တယ်လို့လည်း တီးတိန်မြို့ ဒေသခံ တစ်ဦးမှ Chin World Media ကို အတည်ပြု ပြောကြားခဲ့ ပါတယ်။
တီးတိန်မြို့နယ်မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ PDA-Tedim, PDF-Zoland, CDF-CDM Siyin နဲ့ CDF-Hualngoram တပ်ဖွဲ့ ၄ ဖွဲ့ရှိပြီး PDF-Zoland အဖွဲ့က လွဲရင် ကျန် ၃ ဖွဲ့ဖြစ်တဲ့ PDA-Tedim, CDF-CDM Siyin နဲ့ CDF-Hualngoram တပ်ဖွဲ့တို့ဟာ Chinland Council နဲ့ပူးပေါင်းတဲ့အဖွဲ့တွေဖြစ်ကြပါတယ်။
PDA-Tedim အဖွဲ့ဟာ တီးတိန်မြို့ အနောက်ဘက်ရှိ ဖီလ်တွန့် (Philtun) မဏိပူရ မြစ်ကူး တံတားကို ပိတ်ဆို့ လိုက်ခြင်းကြောင့် ဒေသခံ ကျေးရွာနေ ပြည်သူများရဲ့ဆန္ဒပြမှုကို လည်း ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရင်ဆိုင်ခဲ့ ရပါတယ်။
PDA-Tedim ပါဝင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့များမှ တီးတိန်မြို့သိမ်း တိုက်ပွဲ ဖော်ဆောင်မည် ဟူသော သတင်းများကြောင့် ယခု ရက်ပိုင်း အတွင်း Facebook မှာ PDF-Zoland အပါအဝင် Chin Brotherhood အဖွဲ့များ နှင့် Chinland Council အဖွဲ့ဝင်များအကြားအချေအတင် ဖြစ်နေခဲ့ကြပါတယ်။