ဇန်နဝါရီလ ၁၆ ရက်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ကုန်ပစ္စည်း၊ ဈေးနှုန်းတွေ အဆမတန်ဈေးကြီးတာတွေအပြင်ဒီနှစ်မှာဆန်စပါးလည်း အထွက်နှုန်းလည်းမကောင်းတာ ကြောင့်
နေရပ်မပြန်နိုင် သေးတဲ့ စစ် ဘေးရှောင် ပလက်ဝဒေသခံအများစုရဲ့ စားဝတ်နေရေး အကြပ်အတည်းဆိုးဆိုးရွားရွားအခြေအနေဖြစ် နေပြီး လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ မျော်လင့်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပလက်ဝဒေသခံတစ်ဦးပြောတာက “ဒေသခံတွေအနေနဲ့ စားဝတ်နေရေးတော်တော်လေး စိန်ခေါ်မှုများတာပေါ့နော် အဆင်ပြေသလို ဖြေရှင်းနေရတဲ့ အနေထားဖြစ်တယ် လို့ သိရတယ် ဒီစားဝတ်နေရေးအတွက်က ဖြစ်နိုင်မယ်ဆိုရင် လူသားချင်းစာနာတဲ့အကူအညီတွေ မျော်လင့်ကြတာပေါ့ ပြည်သူတွေအနေနဲ့ သော်လည်းကောင်း၊ စစ်ဘေးရှောင်တွေအနေနဲ့ သော်လည်းကောင်း တစ်မြို့နယ်လုံးမှာ တော်တော်လေး အကြပ်အတည်းတွေ့တာပေါ့ လမ်းပန်းဆက်သွယ်ရေးကလည်း အရမ်းခက်ခဲတယ် ငွေရေးကြေးရေးကလည်း အလုပ်အကိုင်မရှိကြတဲ့အခါကြတော့ ရှာဖွေရခက်တယ် ကုန်ဈေးနှုန်းတွေကလည်း တော်တော် မြင့်တက်တဲ့အခါကြတော့ တော်တော်လေးအကြပ်အတည်းရောက်နေကြတာပေါ့” လို့ပြောပါတယ်။
လက်ရှိပလက်ဝမြို့နယ်မှာ ဆန်ကြမ်းတစ်အိတ်ကို ၈ သောင်းအထိ ဈေးရှိပြီး တခြားစားသောက်ကုန်ဈေးနှုန်းတွေလည်း တစ်နေ့ထက်တစ်နေ့ ပိုပိုဈေးကြီးလာတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
ပလက်ဝမြို့နယ်က ဒေသခံတွေဟာ ဆန်ကို ရခိုင်ပြည်နယ်၊ ကျောက်တော်ကနေ အဓိက ဝယ်ယူကြတာဖြစ်ပြီး တခြား စားသောက်ကုန် ပစ္စည်းတွေကိုတော့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကနေ သယ်ယူတာရှိသလို၊ မကွေးတိုင်း၊ ဆော၊ ပခုက္ကူတွေဘက်ကနေ ဆိုင်ကယ်တွေနဲ့ နိုင်သလောက်သယ်ယူရတာဖြစ်ပြီး သယ်ယူစရိတ်တွေကြောင့်လည်း ကုန်ပစ္စည်းဈေးနှုန်းဟာ အဆမတန် ဈေးကြီးသွားရတာလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
“ဆမီးဘက်ကဆိုရင် ဆောတို့ ပခုက္ကူဘက်ကနေ သယ်ယူတာရှိတယ် နောက်ပြီး မီဇိုရမ်ဘက်ကနေ ရရင်ရသလောက် ဆိုင်ကယ်တွေနဲ့ သယ်တဲ့ဟာရှိတယ် ကားနဲ့တော့ အဆင်မပြေဘူးပေါ့ လမ်းအခြေအနေကြောင့် ပလက်ဝဘက်ကတော့ ကုလားတန်ကမ်းကနေ သယ်ယူခွင့်တော့ ရတာပေါ့ ကုန်ပစ္စည်းတွေကို ကိုယ့်ဒေသဘက်ရောက်တဲ့ခါမှာ အဆမတန်ကြီးတာပေါ့ ကုန်ပစ္စည်းပိုင်းမှာတော့ ဆန်ကြတော့ ရခိုင်ပြည်ကျောက်တော်ဘက်ကနေ သယ်ယူတယ် ဆန်ကိုတော့ အဲဒီဘက်ကို မီခိုတယ် ကုန်စည်ကတော့ မီဇိုရမ်ရယ်၊ ဆောရယ်၊ ပခုက္ကူရယ် အဲဒီဘက်ကနေ နိုင်သလောက်လေး ဆိုင်ကယ်နဲ့ သယ်ယူရတော့ ကုန်ဈေးနှုန်းက အဆမတန် ကြီးသလို ဖြစ်သွားတာပေါ့ နောက်ပြီးဓာတ်ဆီတွေလည်း ဈေးအရမ်းဈေးကြီးတာပေါ့” လို့ ပလက်ဝဒေသခံတစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တစ်ခုလုံးကို စစ်ကောင်စီလက်ထဲကနေ အာရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။