ဇန်နဝါရီလ ၉ ရက်။
ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (CDF – Matupi )စည်းလုံးညီညွှတ်ရေးအတွက် ဆန္ဒရှိတဲ့ CDF-Matupi တပ်မဟာ (၂)က တပ်မှူး ၂ ဦး နဲ့ ရဲဘော် ၆ ဦး စုစုပေါင်း (၈) ဦးဟာ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (CDF-Matupi) တပ်မဟာ (၁) ထံ ပူးပေါင်းဝင်ရောက်လာတယ်လို့ တပ်မဟာ (၁) က ဇန်နဝါရီလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မတူပီမြို့နယ်မှာ Chinland Council နဲ့ပူးပေါင်းတဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ – တပ်မဟာ (၂) နဲ့ ချင်းညီနောင်အဖွဲ့ (CB) မှာ ပါဝင်တဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ – တပ်မဟာ (၁) ဆိုပြီး လက်နက်ကိုင် ၂ ဖွဲ့ရှိတာဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်အတွင်းမှာ CDF – Matupi တစ်စုတည်း ဖြစ်စေရေး ဆန္ဒရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ – တပ်မဟာ (၁) ကနေ အမြဲတမ်း လက်ကမ်းကြိုဆိုလျှက်ရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဘုံရန်သူ စစ်ကောင်စီ ကင်းစင်ပြီးဖြစ်တဲ့ မတူပီမြို့နယ်အတွင်း လက်နက်ကိုင် ပဠိပက္ခ ထပ်မံမဖြစ်စေရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ရှေးရှုပြီး မည်သည့် အနှောက်အယှက်မျိုးကိုမဆို လုံးဝ လက်သင့်မခံဘူးလို့လည်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ – တပ်မဟာ (၁) ကပြောထားပါတယ်။
လာမယ့် မတ်လ (၃၁) ရက်နေ့ နောက်ဆုံးထားပြီး မတူပီပြန်လည်တည်ဆောက်ရေးကို အားကြိုးမာန်တက်လုပ်ဆောင်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ထံကို မတူပီ တော်လှန်ရေးရဲဘော်များ အားလုံး အမြန်ဆုံးပူးပေါင်းပါဝင်ကြဖို့ကိုလည်း အသိပေးတယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ – တပ်မဟာ (၁) က ထုတ်ပြန်ထားပါတယ်။
မတူပီမြို့ကို ချင်းညီနောင် စစ်ဆင်ရေး (Operation CB – Matupi) အဖြစ် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ၊ ဇွန်လ ၂၉ ရက်နေ့မှာ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
စစ်ကောင်စီကင်းစင်သွားတဲ့ မတူပီမြို့မှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး ၊ လူသားချင်းစာနာထောက်ထားရေး စတဲ့ ဌာနအသီးသီးကို ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ – တပ်မဟာ (၁) က ဆောင်ရွက်နေတယ်လို့လည်း ဆိုထားပါတယ်။