
ဇန်နဝါရီလ ၂၁ ရက်။
ဟားခါးမြို့မှာတာဝန်ထမ်းဆောင်နေတဲ့စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ဦးဟာ လက်နက်တွေနဲ့ အတူ Chinland Defence Force – Hakha (CDF – Hakha) ထံ CDM လုပ်ပြီး ပူးပေါင်းလာတယ်လို့ CDF – Hakha က ဒီကနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်ဘဲ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းပါဝင်ချင်တယ်ဆိုပြီး ဟားခါးမြို့က ပြည်သူ့စစ် ၄ ဦးဟာ ဇန်နဝါရီလ ၈ ရက်နေ့နဲ့ ၁၄ ရက်နေ့တုန်းက လက်နက်တွေနဲ့အတူ (CDF – Hakha)ထံ လာရောက် ပူးပေါင်းခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
အခုလို(CDF – Hakha)ထံ CDM လုပ်ပြီး လာရောက်အလင်းဝင်လာသူတွေကို ဝမ်းသာဝမ်းမြောက် ကြိုဆိုခဲ့သလို ငွေကြေးပေးအပ်တာတွေလုပ်ခဲ့ပြီး လုံခြုံဘေးကင်းတဲ့ နေရာရောက်တဲ့ထိ တာဝန်ယူဆောင်ရွက်ပေးခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို တော်လှန်ပြီး ပြည်သူလူထု တော်လှန်ရေးမှာ ပါဝင်ချင်တဲ့ CDM မှာပါဝင်ချင်တဲ့ မည်သူကိုမဆို Chinland Defence Force – Hakha ထံအမြဲတမ်း ဆက်သွယ်လာလို့ ရတဲ့အကြောင်းကိုလည်း CDF – Hakha ကထုတ်ပြန်ပါတယ်။
Chinland Defence Force – Hakha ဟာ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း အခြေပြုလှုပ်ရှားတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး ချင်းအမျိုးသားတပ်ဦး(CNF/CNA)နဲ့ ပူးပေါင်းပြီး တိုက်ပွဲဖော်ဆောင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။