ဇန်နဝါရီလ ၉ ရက်။
Chinland Council ကဖွဲ့စည်းပေးထားတဲ့ချင်းပြည် (Chinland) အစိုးရ ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်ဖို့အတွက် ကျန်းမာရေးဝန်ထမ်း ကဏ္ဏ ၁၆ နေရာအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ( NUG)၊ ကျန်းမာရေးဝန်ကြီးဌာနကအလုပ်ခေါ်ယူမယ်လို့ ဇန်နဝါရီလ ၈ ရက်နေ့က စာထုတ်ပြန်ထားပါတယ်။
ချင်းပြည် (Chinland) အစိုးရ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ အထူးကုဆရာဝန်တွေ၊ သွားနဲ့ခံတွင်း အထူးကုဆရာဝန်နဲ့ သွားခံတွင်းဆရာဝန်တွေ၊ ဆေးနှင့်ဆေးနှီးနွှယ်ဆိုင်ရာ ဘွဲ့လွန်သင်တန်းသားတွေ၊ အထူးပြုသူနာပြုတွေ၊ သူနာပြုတွေ၊ ဘဏာရေးနဲ့ စီမံရေးအရာရှိ၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များက ဒီပလိုမာဘွဲ့ရရှိသူတွေ၊ ဆေးဝါးတက္ကသိုလ်တွေက ဘွဲ့ရသူတွေ၊ ဆေးနဲ့ ဆေးနှီးနွှယ်ဆိုင်ရာ ဒီပလိုမာဘွဲ့ရသူတွေ၊ ကျန်းမာရေးမှူးတွေ၊ အမျိုးသမီးကျန်းမာရေးဆရာမတွေ(LHV)၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် – ၁ တွေ၊ သားဖွားဆရာမတွေ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် – ၂ တွေ၊ ဌာနခွဲစာရေး(BC) ၊ အကြီးတန်းစားရေး (UD)၊ အငယ်တန်းစာရေး (LD) တွေ စတဲ့ ကဏ္ဏ ၁၆ နေရာအတွက် အလုပ် လျှောက်လွှာတင်သွင်းနိုင်တယ်လို့ ဆိုပါတယ်။
လျှောက်ထားတဲ့သူတွေအနေနဲ့ မြန်မာနိုင်ငံဖွားဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သူဖြစ်ရမှာဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းဖြစ်ပါက CDM ဝန်ထမ်းဖြစ်ရမှာဖြစ်ပြီး စစ်ကောင်စီနဲ့ ပက်သက်မှုမရှိသူဖြစ်ရမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
နိုင်ငံဝန်ထမ်းမဟုတ်ပါက စစ်ကောင်စီနဲ့ ပက်သက်မှုမရှိသူ၊ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနနဲ့ ချင်းပြည်(Chinland) အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ချထားတဲ့ နေရာဒေသတွေမှာ သွားရောက် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။
လျှောက်ထားလိုသူတွေအနေနဲ့ ၃၁ ရက်၊ ၁ လ ပိုင်းကို နောက်ဆုံးထားပြီး နေ့စဉ်ပိတ်ရက်မရှိ နံနက် ၁၀ နာရီကနေ ည ၈ နာရီအထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဌာနရဲ့ Telegram Account – https://t.me/HR_MOHNUG ဒါ့မှမဟုတ် Telegram Username – @HR_MOHNUG မှာ လျှောက်လွှာပုံစံ ထုတ်ယူပြီး ပေးပို့လျှောက်ထားနိုင်တယ်လို့ NUG အစိုးရ၊ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အတည်ပြုရွေးချယ်ခြင်းခံရသူတွေဟာ တာဝန်ချထားမယ့် နေရာတွေအတွက် လိုအပ်တဲ့ သင်တန်းများကို သတ်မှတ်အစီအစဉ်များအတိုင်း တက်ရောက်ရမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။