ဇန်နဝါရီလ ၁၇ ရက်။
PDF တပ်ဖွဲ့ထိန်းချုပ်ထားတဲ့စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့ကိုယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ည ၉ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်(၂)ဦး၊ ဘုန်းကြီး ၁ ပါး အပါအဝင် ဒေသခံ စုစုပေါင်း ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ခမ်းပတ်မြို့ အမှတ်(၁) ရပ်ကွက်ဘက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၃ ကြိမ်ခန့်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်ထပ်ထိခိုက်၊ သေဆုံးတာတွေနဲ့ ပက်သက်ပြီးလည်း ထပ်မံရှာဖွေနေဆဲဖြစ်တယ်လို့လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဆီကနေ သိရပြီး အခုလို လေကြောင်းကနေ တိုက်ခိုက်ခံရပြီးနောက် ဒေသခံပြည်သူတွေ ထိတ်လန့်နေကြပါတယ်။
ဒေသခံတစ်ဦးက “လက်ရှိ ကလေးငယ် ၂ ဦး၊ ဘုန်းကြီး ၁ ပါး၊ ယောကျာ်းလေး ၃ ဦး သေဆုံးတယ် နောက်ထပ်ထိခိုက်တဲ့ဟာတွေနဲ့ ပက်သက်ပြီးလည်း ထပ်မံရှာဖွေနေဆဲဖြစ်တယ်လို့ သိရတယ်” လို့ပြောပါတယ်။
အိန္ဒိယ – မြန်မာနယ်စပ် ကလေး – တမူးကားလမ်းပေါ်မှာ တည်ရှိတဲ့ ခမ်းပတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ဖြစ်ပြီး စစ်ဘေးရှောင်တွေလည်း နေရပ်ပြန်လာ နေထိုင်ကာ ပြန်လည်စည်ကားလာတဲ့ မြို့ဖြစ်ပါတယ်။
ခမ်းပတ်မြို့ကို စစ်ကောင်စီက အခုလိုလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာဟာ အမျိုးညီညွှတ်ရေးအစိုးရ NUG ရုံးစိုက်မှာကို သတင်းအတိအကျ ရလို့ ဗုံးကြဲတိုက်ခိုက်တာလို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
၂၀၂၄ နှစ်ကုန်ပိုင်းကစလို့ စစ်ကောင်စီတပ်ဖွဲ့ဟာ သူတို့လက်လွှတ်ဆုံးရှုံးထားတဲ့ ဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်လာနေတယ်လို့လည်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တွေ ထုတ်ပြန်ချက်အရ သိရပါတယ်။