Headlines

ကာလကြာရှည်ပိတ်ထားတဲ့ အိန္ဒိယ – မြန်မာနယ်စပ် မိုရေးစျေးကို ပြန်ဖွင့်နိုင်ရန်နဲ့နှစ်ဖက်ကုန်သွယ်ရေးပြန်လည်စတင်နိုင်ရန် ပြင်ဆင်


ကာလကြာရှည်ပိတ်ထားတဲ့ အိန္ဒိယ – မြန်မာနယ်စပ် မိုရေးစျေးကို ပြန်ဖွင့်နိုင်ရန်နဲ့နှစ်ဖက်ကုန်သွယ်ရေးပြန်လည်စတင်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ပြင်ဆင်လျက်ရှိကြောင်း မဏိပူရ်ပြည်နယ်တာဝန်ရှိသူတွေက အတည်ပြုပြောကြားတယ်လို့ဇန်နဝါရီလ (၁၀) ရက်နေ့ထုတ် The Mizoram Post သတင်းစာမှာ ဖော်ပြပါတယ်။


အိန္ဒိယနိုင်ငံဖက်ခြမ်း မဏိပူရ်ပြည်နယ်တွင်းမျိုးနွယ်စုပဋိပက္ခများကြောင့် မိုရေး -တမူးနယ်စပ်စျေးနဲ့နယ်စပ်ကို မကြာခဏပိတ်ခဲ့ရပြီးနောက် မြန်မာပြည်ဖက်ခြမ်းပြည်တွင်းစစ်ပဋိပက္ခပိုမိုဆိုးရွားလာတဲ့ အခြေအနေကြောင့်
နှစ်နိုင်ငံနယ်နိမိတ်မျဉ်းပေါ်ရှိမိုရေးနယ်စပ်စျေးကို ကာလကြာရှည်စွာပိတ်ထားခဲ့ရာမှယခုကုန်သွယ်ရေးလုပ်ငန်းများပြန်လည်စတင်နိုင်ရန် မဏိပူရ်ပြည်နယ်ဖက်ကတရားဝင်ပြောကြားလာခြင်းဖြစ်ပါတယ်။

ထိုသို့ ကုန်သွယ်ရေးလမ်းကြောင်း အဆင်ပြေစေရန်အတွက် နယ်စပ်ဂိတ် အမှတ် (၁) နဲ့ (၂)နှစ်ခုလုံးကို ပြန်လည်ဖွင့်လှစ်သွားဖို့ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိပြီး ယင်းကြိုးပမ်းမှုရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ အိန္ဒိယအာဏာပိုင်များက အိန္ဒိယဖက်ခြမ်းမိုရေးမြို့သို့ဖြတ်ကျော်ဝင်ရောက်နိုင်ရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံသား၊ ကုန်သည် ၆၀
ဦးကိုလည်းနယ်စပ်ဖြတ်ကျော်ခွင့်စတင်ပေးနေပြီဖြစ်တယ်လို့ သိရပါတယ်။


နယ်စပ်ဖြတ်ကျော်ဝင်ရောက်နိုင်ရန်အတွက် ဝင်ခွင့်လက်မှတ်များရရှိဖို့လျှောက်ထားသူများအနေနဲ့ မိုးရေးမြို့ရှိ အိန္ဒိယအာဏာပိုင်များထံဇီ၀ဗေဒဆိုင်ရာအချက်အလက်၊ ဓာတ်ပုံများနဲ့ အခြားလိုအပ်တဲ့ စာရွက်စာတမ်းများကို
တင်သွင်းဖို့ လိုအပ်မှာဖြစ်တယ်လို့ မဏိပူရ်အာဏာပိုင်များကပြောပါတယ်။

အဆိုပါ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ဖြင့် မြန်မာနိုင်ငံသားများအနေနဲ့ မိုရေးမြို့တွင်တစ်ပတ်အထိ နေထိုင်ခွင့်ရမှာဖြစ်ပြီး ထပ်မံနေထိုင်ရန်လိုအပ်ပါကသက်တမ်းတိုးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။


နယ်စပ်ဖြတ်ကျော်ဖို့အတွက် မိုရေးမြို့ရှိ Integrated Check Post (ICP) တွင် နယ်စပ်ဂိတ်အမှတ်(၁) မှဝင်ရောက်သူများကို အာသံရိုင်ဖယ်တပ်နဲ့ မဏိပူရ်ရဲတပ်ဖွဲ့ရဲ့စစ်ဆေးမှုကိုခံယူရမှာဖြစ်ပြီး ဂိတ်အမှတ် (၂) မှတစ်ဆင့် ဖြတ်ကူးသူများအတွက်လည်းအလားတူဆောင်ရွက်နိုင်ရန် ပြင်ဆင်လျက်ရှိတယ်လို့သိရပါတယ်။


“မြန်မာပြည်ဖက်အာဏာသိမ်းမှုနဲ့ မဏိပူရ်ပြည်နယ်အတွင်းလူမျိုးရေးအကြမ်းဖက်မှုတွေကြောင့် မိုရေးနယ်စပ်ကုန်သွယ်ရေးဂိတ် ရပ်တန့်ခဲ့ရတာဒေသတွင်းစီးပွားရေးကို သိသိသာသာထိခိုက်စေတယ်။ကုန်သွယ်မှုပိုပိုပြီးအားကောင်းလာချိန်မှာရပ်တန့်လိုက်တာဆိုတော့ နှစ်ဖက်နိုင်ငံစလုံးရဲ့စီးပွားရေးတုံ့ဆိုင်းမှုကြုံရတယ်” လို့ ကုန်သည်တစ်ဦးကပြောပါတယ်။


တမူး-မိုရေး နယ်စပ်ကုန်သွယ်ရေး သဘောတူစာချုပ်ကို ၁၉၉၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှာအိန္ဒိယ အစိုးရနဲ့ မြန်မာအစိုးရတို့လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ကုန်ပစ္စည်း ၁၈ မျိုးကို ကနဦးကုန်သွယ်မှုပြုခဲ့ပါတယ်။


မကြာခင်နယ်စပ်ဂိတ်ဖွင့်ပြီး ကုန်သွယ်ရေးပြန်လုပ်လာလျှင် ကုန်ပစ္စည်း ၆၂ မျိုးအထိကုန်သွယ်ခွင့်ပြုမှာဖြစ်တယ်လို့ သိရပြီး ထိုသို့ပြန်လည်စတင်ခြင်းဟာ နိုင်ငံနှစ်ဖက်စလုံးအတွက်စီးပွားရေးလုပ်ငန်း ပြန်လည်ရှင်သန်လာစေမယ့်အပြင် အိန္ဒိယ – မြန်မာဆက်ဆံရေးကိုပိုမိုခိုင်မာစေမယ်လို့ မျှော်လင့်တယ်လို့ ကုန်သည်တစ်ဦးကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *