
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်မှာ ဒေသခံပြည်သူတွေအတွက် ထည့်သွင်းစဉ်းစားပြီး အာရက္ခတပ်တော် (AA) နဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုနဲ့ ဆက်ဆံရေးတည်ဆောက်ထားတယ်လို့ ကြားကာလခူမီးချင်းမျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီ ( IKACC) ဥက္ကဌ ဦးအိုက်စောမြ က Chin World Media ရဲ့ မေးမြန်းမှုကို ဖြေကြားပါတယ်။ ဇန်န၀ါရီလ ၂၆ ရက်မှာ IKACCဥက္ကဌ ဦးအိုက်စောမြကို AA ထိန်းချုပ်ထားတဲ့ပလက်ဝမြို့နယ်က ပြည်သူလူထု အခြေအနေ တွေနဲ့ IKACC ရဲ့လုပ်ဆောင်မှုတွေကို မေးမြန်းထားပါတယ်။
ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်း အားလုံးကို အာရက္ခတပ်တော် (AA)က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အပြီးတိုက်ခိုက်သိမ်းပိုက်ကာ ပလက်၀မြို့နယ်ကိုထိန်းချုပ်ထားပါတယ်။


CW- IKACC ကို ဘယ်လိုရည်ရွယ်ချက်နဲ့ဘယ်သူတွေနဲ့ဘယ်အချိန်မှာစတင်ဖွဲ့စည်းတည် ထောင်ခဲ့တာလဲ။
IKACC- ကျွန်တော်တို့ဆီမှာ ၂၀၁၄ ခူမီးဖိုရမ်က သယ်လာတဲ့ ကေအေစီစီဆိုတာရှိတယ်။ ခူမီးမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီပေါ့။ဒုတိယအကြိမ်ဖိုရမ် မှာလည်း အဲ့ဒါကိုပဲ ဆက်သယ်လာခဲ့တယ်။ ဒီ ၂၀၂၁ ရောက်ရောကေအေစီစီကို ပြည်တွင်းမှာ ပြည်တွင်း မှာအခြေစိုက်ဖို့ ခက်လာတဲ့အတွက်ပြည်ပမှာအခြေစိုက်ဖို့ဖြစ်လာသလို အရင်က လူမှုရေးအဆင့်ကို ကျော်လွန်ပြီး နိုင်ငံရေးဦးဆောင်မှုအခန်းကနေ လှုပ်ရှားဖို့ ဖြစ်လာတဲ့အခါ ကြားကာလ ခူမီးချင်းမျိုးနွယ် စုများရေးရာပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ ဆိုတာဖြစ်လာတာ။ အတိုကောက်ကတော့ IKACC ပေါ့။IKACC ကပဲ တော်လှန်ရေးတပ်ဦးအနေနဲ့ သွားဖို့လုပ်ခဲ့ကြတယ်။နောက်တော့ ပိုကျယ်ပြန့်တဲ့ အုပ်ချုပ်ရေးတွေပါ လုပ်ဖို့လိုအပ်လာတဲ့အတွက်ပလက်ဝကိုယ်ပိုင်အုပ်ခွင့် ရ ခရိုင်ကောင်စီ(ပီအေဒီစီ)ဆိုပြီး ဖွဲ့ခဲ့ကြတယ်။ အဲဒါ ၂၀၂၃ ခုနှစ်စက်တင်ဘာလလောက်ဖြစ်လိမ့်မယ်။ နိုင်ငံရေး ဦးဆောင်မှုကို အိုင်ကေအေစီစီ လုပ်။ ကျန်တဲ့အစိုးရလုပ်ငန်းဆိုမလား စီမံအုပ်ချုပ်ရေးကို ပီအေဒီစီက လုပ်ပေါ့။ လက်နက်ကိုင် CDF-ပလက်ဝကိုလည်း ပီအေဒီစီအောက်မှာပဲ ထားလိုက် တာပေါ့။ဒီဇင်ဘာလလည်းရောက်ရော ချင်းလဲန်းကောင်စီ (CC)ဆိုပြီး ဖြစ်လာတာကိုး။ အဲဒီမှာကျွန်တော်တို့လည်း CC ဘက်ပါနေပြီဆိုတော့ ပလက်ဝကောင်စီဆိုပြီးနာမည်ပြောင်းလိုက်တယ်။ ဒါက ၂၀၂၄ ဧပြီလထဲမှာပါ။ IKACC ကပေါင်းစပ်ညှိနှိုင်းရေး ကိုလည်း အတိုင်ပင်ခံ ဆိုတဲ့ စကားလုံးနဲ့ ပြောင်းလဲလိုက်တယ်။ဆိုတော့ နိုင်ငံရေးဦးဆောင်မှု IKACC ၊ အုပ်ချုပ်စီမံ PC ၊ ကာကွယ်ရေး CDF ဒီလိုသွားဖြစ်ပါတယ်
CW -ပလက်၀ ကောင်စီတည်ထောင်ပြီးကနေ အခုအချိန်အထိ ဘာ တွေလုပ် ဆောင်ခဲ့ပြီးပြီလဲ။
IKACC-ကျွန်တော်တို့ ပလက်ဝကောင်စီက ချင်းပြည်အစိုးရရဲ့ စီမံခန့်ခွဲမှု ပုံစံအတိုင်း သွားနေပါတယ်။သူ့အောက်မှာ ဌာနပေါင်း ၈ ခုလောက်ဖွဲ့စည်း ပြီးပါပြီ။ ဥပမာပြေရရင် ကကွယ်ရေး၊ ပညာရေး၊ကျန်းမာ ရေး၊ လူမှုဝန်ထမ်းနဲ့ကယ်ဆယ်ရေး၊ ရဲတပ်ဖွဲ့၊ စီမံဘဏ္ဍာနဲ့ အခွန်ဌာန စသည်ဖြင့်ပေါ့။ဆိုတော့ ပီစီထိန်းချုပ်မှု အောက်မှာ ရွာပေါင်း ၁၀၀ လောက်ရှိပါတယ်။ အဲဒီဒေသတွေမှာစောစောပြော တဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို တက်နိုင်သလောက်
ဆောင်ရွက်နေတာရှိပါတယ်။ ပြီးတော့ မီဇို ရမ်ဘက်ရောက်တဲ့ စစ်ဘေးရှောင်တွေရှိတဲ့အချို့ဒေသတွေမှာလည်း ကျွန်တော်တို့ တက်နိုင်သလောက် လုပ်နေတာတွေရှိပါတယ်။
CW-ပလက်ဝကို AA သိမ်းပိုက်တာ ၁ နှစ် ရှိပြီ၊ ပလက်၀မြို့နယ်ကပြည်သူလူထုရဲ့လက်ရှိအခြေအနေတွေ ဘာ တွေကြုံ တွေ့ နေရသလဲဆိုတာ သိချင်ပါတယ်။
IKACC-အချို့က ကျွန်တော်တို့ကို AAနဲ့ ပေါင်းနေပြီလို့ ပြောကြတာတွေရှိပါတယ်။ ကျွန်တော်တို့ရဲ့“မူ”က နှစ်ဘက်မျှလမ်းစဉ်နဲ့ သွားနေတာပါ။ မဟာမိတ်အဆင့်မဟုတ်တဲ့အပြုသဘောဆောင်တဲ့ချဉ်းကပ်မှုနဲ့ပဲ ဆက်ဆံရေးတည်ဆောက်ထားတယ်၊ဆက်ဆံတဲ့ သဘောပါ။ ဒါလည်း ပလက်ဝနယ်အတွင်းမှာပွင့်ပွင့်လင်းလင်းပြောရရင် AAထိန်းချုပ် မှုအောက်ရောက်နေတဲ့ကျွန်တော်တို့လူတွေအတွက် စဉ်းစားပြီး ကျွန်တော်တို့ အဲဒီမူကို လက်ကိုင်ထား တာပါ။မဟာမိတ်လည်း မဟုတ်သလို တစ်ဘက်က ဆက်ဆံရေးအဖွဲ့နဲ့ လိုအပ်ချက်အရ စကားပြောရတာတွေလည်း လုပ်ထားပါတယ်။ဒေသခံပြည်သူတွေကတော့ အခက်တွေ့တာပေါ့။ အဲဒါက လူတိုင်းနားလည်ပါတယ်။ကိုယ့်လူမျိုးမဟုတ်ရင် အခြားဘယ်သူအုပ်ချုပ်တာဖြစ်ဖြစ် ဘယ်လောက်ကောင်းကောင်းမလိုချင်ကြဘူးလေ။ဒါဓမ္မတာပဲ။ AA တွေဘက်ကလည်း ဒေသခံတွေအပေါ်ယုံကြည်မှုတည်ဆောက်ရတာ ခက်ခဲပါလိမ့်မယ်။ သူတို့ အသိဆုံးဖြစ်မှာပါ။ပွတ်တိုက်မှုတွေကိုလည်း သတင်းအနေနဲ့ မီဒီယာပေါ်မှာ ခဏခဏတွေ့မြင်နေရမှာ ပါ။
CW-IKACC က ချင်းမှာ နိုင်ငံရေးအစုအဖွဲ့ ၂စု ဖြစ်တဲ့ ICNCC/CB နဲ့ CC တို့အကြားမှာဘယ်လိုလက်တွဲလုပ် ဆောင်နေသလဲ။
IKACC-ကျွန်တော်တို့က CC အဖွဲ့ဝင်ဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖွဲ့စည်းအခြေခံဥပဒေနဲ့အစိုးရတစ်ရပ်အနေနဲ့ သွားနေတဲ့ CCနဲ့လက်တွဲတယ်။ ဒါကျွန်တော်တို့ ရွေးချယ်မှုဆိုတာထက်ကျွန်တော်တို့အတွက်တော့ ပေး ထားချက်တစ်ခုလို့ပဲ ကျွန်တော်တို့မြင်တယ်။၁၉၄၇ မြောက်ပိုင်းရခိုင်တောင်တန်းနယ်အနေနဲ့ လွတ်လပ်ရေးရပြီးဘယ်သူနဲ့ပေါင်းမလဲမေးတဲ့အခါ ချင်းတောင်တန်းခရိုင်နဲ့ ပေါင်းမယ်ဆိုပြီး ဖြေကြားခဲ့တယ်။ချင်းတောင်တန်းခရိုင်မှာ ခင်ဗျားတို့နဲ့ အနီး ဆုံးက ကန်ပက်လက်ခရိုင်နဲ့ ဖလမ်းခရိုင်ပဲရှိတယ်။ကန်ပက်လက်ခရိုင်က ဘားမားပရိုးပါးနဲ့ ပေါင်းသွားခဲ့ရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့အခါ ဖလမ်းခရိုင်နဲ့ ပေါင်းမယ်လို့ အတိအလင်း ဖြေခဲ့တယ်။ ဒီနေ့လည်း ဒီမူနဲ့ပဲဆက်သွားနေတာဖြစ်တယ်။CB/CC ဆိုတာ ညီအစ်ချင်း ခဏတာ စိတ်ဝမ်းကွဲတာလို့ပဲ မြင်တယ်။ ပြဿနာကြီးလို့
မမြင်ဘူး။ ဒါကြောင့်လဲ ကျွန်တော်တို့အနေနဲ့ CC အဖွဲ့ဖြစ်နေပေမယ့် CB အဖွဲ့ဝင်တွေနဲ့လည်းမိတ်ပျက်တာ အခုထိ မရှိဘူး။ ဒါက နှစ်ဘက်ခွတာ မဟုတ်ဘူး။ ကိုယ်က CC ဖြစ်နေလို့ CB နဲ့ရန်ဖြစ်နေရမယ် ဆိုတဲ့ ရူးကြောင်ကြောင်တွေးတွေ ကျွန်တော်တို့ဆီ မရှိဘူး။ နိုင်ငံရေးအရခါးခါးသီးသီးဖြစ်နေတဲ့ AAနဲ့ တောင်မှ စကားပြောနိုင်သေးတာပဲလေ။
CW-လက်ရှိမှာ ပလက်၀ စစ်ဘေးရှောင် အားလုံး စုစုပေါင်း ဘယ်လောက်လောက်ရှိပြီလဲ။ပလက်၀ မြို့နယ်အတွင်းရှိတာ ဘယ်လောက်လောက်၊ မီဇိုရမ်ဘက်ရောက်တာဘယ်လောက်လောက်။ ရန်ကုန်၊ ဟားခါးအပါအဝင် တခြားဘယ်ဒေသတွေကိုကောဘယ်လောက်လောက် ရောက်နေကြသလဲ။
IKACC-ကျွန်တော်တို့ ထိန်းချုပ်နယ်မြေနဲ့ မီဇိုရမ်ဘက်ရောက်နေတာလောက်ပဲ ကျွန်တော်တို့လက်လှမ်းမီနိုင် တယ်။ ကျန်တဲ့ ပြည်မဘက်ထွက်သွားတဲ့ သူတွေစာရင်းကိုတော့လက်လှမ်းမမီနိုင်ဘူးပေါ့။ မီဇိုရမ်ဘက် မှာ အိမ်ခြေ တစ်ထောင်ကျော်လောက်နဲ့ထိန်းချုပ်ဧရိယာမှာ သုံးထောင်နီးရှိပါတယ်။
CW-ပလက်၀မြို့နယ်ကို အာရက္ခတပ်တော် (AA) မသိမ်းပိုက်မီနဲ့ သိမ်းပိုက်ပြီးနောက်ပိုင်းမှာပလက်၀ ဒေသခံ ခူမီးတွေရဲ့ ဘဝလူနေမှုပုံစံက ဘယ်လိုသက်ရောက်မှုတွေ ရှိလာသလဲ။ ပိုမိုခက်ခဲလာရင် ဘယ်အပိုင်းတွေဖြစ်မလဲ။
IKACC-ဒါကို ကျွန်တော်မဖြေဘူး။ ဒါကိုတော့ သက်ဆိုင်တဲ့သူတွေ ဖြေပါစေ။ စစ်ကောင်စီကင်းစင်ပြီဆိုရင် အားလုံး ပျော်ကြရမှာ မဟုတ်လား။ ဘာကြောင့် ပလက်ဝဒေသခံတွေစစ်ကောင်စီကင်းစင်ပြီးမှ ဒေသပြင်ပ ထွက်ပြေးကြသလဲ။
CW-မီဇိုရမ်ဝန်ကြီးချုပ်က အမေရိကန်က ချင်းတွေနဲ့ တွေ့ဆုံပွဲမှာ AA ကအင်အားအင်မတန်ကြီးတဲ့ အတွက် သူတို့နဲ့ အဆင်ပြေအောင်နေသင့်တယ်လို့ပုံစံမျိုးပြောခဲ့တာတွေ့ရတော့- ပလက်၀ဒေသ အတွက်ကော AA နဲ့ ဘယ်လိုမျိုး ဆက်ဆံသွားဖို့လိုလားသလဲ။ ဒါမှမဟုတ် လက်တွေ့မှာ အဆင်မ ပြေတာတွေ ဘာတွေရှိလဲ?
IKACC-မီဇိုရမ်ဝန်ကြီးချုပ်ပြောတာက အဓိက CB နဲ့ CC ကို ရည်ညွှန်းတယ်လို့ပဲ ကျွန်တော်မြင်တယ်။AA အင်အားကြီးလို့ ကောင်းကောင်းဆက်ဆံရမယ်လို့ပြောတာ မဟုတ်ဘူး။အချင်းချင်းတည့်အောင်နေပြီး တဲ့အပြင် အခြားအိမ်နီးချင်းတွေနဲ့ ဆက်ဆံရေးကောင်းမွန်အောင်တည်ဆောက်ရမယ့် အချိန်မှာ ကိုယ် တွေအချင်းချင်း ဘာလို့ မသင့်မမြတ်ဖြစ်နေကြသလဲဆိုတာကို ဦးတည်ပြောတာလို့ပဲ မြင်ပါတယ်။AA က ရန်သူမဟုတ်တာ သေချာတယ်။ ဒါပေမယ့် ကျွန်တော်တို့ အိမ်ဦးခန်းမှာမိန့်မိန့်ကြီးထိုင်ပြီး ဟိုဟာလုပ် ဒီဟာလုပ် ခိုင်းနေတဲ့ ဘေးအိမ်က လူပဲ။