ဇန်နဝါရီလ ၅ ရက်။
ချင်းပြည်နယ်၊ဖလမ်းမြို့နယ် Khuanglung Khua (ခွန်းလုံကျေးရွာ)ကို ဒလန်သတင်းပေးကြောင့် စစ်ကောင်စီက ယမန်နေ့ ဇန်နဝါရီလ ၄ ရက်ညမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) က ဖလမ်းမြို့တိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ရဲတပ်ဖွဲ့ဝင် ၈ ဦးနဲ့ CNO/CNDF ဘက်က ၁ ဦး သေဆုံး/ကျဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
ဖလမ်းမြို့ အနောက်မြေက်ခြမ်းမှာ ရှိတဲ့ ခွန်းလုံကျေးရွာကို ဇန်နဝါရီလ ၄ ရက်နေ့ည ၁၁ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၂ ကြိမ်ကြဲပြီး တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုလို စစ်သုံ့ပန်းထားတဲ့နေရာကို လေကြောင်းကနေ ဗုံးကြဲတာဟာ သတင်းပေးဒလန်ကြောင့်လို့ စစ်ရေးသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
စစ်ရေးသတင်းရင်းမြစ်က “ဇန်နဝါရီလ ၄ ရက်နေ့ ည ၁၁ နာရီလောက်မှာ တံတားဦးလေဆိပ်ကနေ စစ်ကောင်စီက လေကြောင်း MIG – 29 Fighter Jet နဲ့ ၂ ကြိမ်ဗုံးကြဲတိုက်ခဲ့တယ် အဲဒီမှာ ဖလမ်းရဲတပ်ဖွဲ့က လက်နက်ချ အညံံ့ခံစစ်သုံ့ပန်း ရဲ ၈ ယောက် သေဆုံးတယ် CNO/CNDF ဘက်က အစောင့်ရဲ ၁ ဦး ကျဆုံးတယ်၊ ပြင်းထန်ဒဏ်ရာရ ၁ ဦးနဲ့ မစိုးရိမ်ရ ဒဏ်ရာရ ၁ ဦး ရှိခဲ့တယ်၊ အဓိကတော့ ဒလန်သတင်းပေးချက်ပါ အဲဒီနေရာမှာ စစ်သုံ့ပန်း ရှိမရှိ စစ်ကောင်စီတွေက မသိနိုင်ဘူးလေ” လို့ပြောပါတယ်။
ဇန်နဝါရီ ၄ ရက် ညမှာဘဲ ဖလမ်းမြို့ အနောက်ခြမ်းက ကျရ်မွန်ကျေးရွာကိုလည်း စစ်ကောင်စီက ည ၉ နာရီ ၅၂ မိနစ်လောက်ကနေ ၅၉ မိနစ်အထိ လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့ပြီး လူထိခိုက် သေဆုံးမှုတော့ မရှိဘူးလို့ စစ်ရေး သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
ဖလမ်းမြို့ကို CNO/CNDF ပါဝင်တဲ့ ချင်းညီနောင်တပ်ဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်နေသလို လက်ရှိမှာ ဖလမ်းမြို့ထဲက စစ်ကောင်စီအထိုင်ချစခန်း၊ ရဲစခန်းတွေ အားလုံးကို သိမ်းပိုက်ထားပြီး နောက်ဆုံးကျန်နေသေးတဲ့ ခလရ – ၂၆၈ တပ်ကုန်းကို သိမ်းပိုက်နိုင်ဖို့အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။