ဇန်နဝါရီလ ၈ ရက်။
စစ်ရေးတင်းမာနေတဲ့ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်က ပဒါန်းမြို့ဝင်ထွက်ခွင့်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာလ လဆန်းပိုင်းလောက်ကစလို့ ကန့်သတ်တင်းကြပ်လိုက်တာတွေကြောင့် ငဖဲမြို့နယ်ထဲ ဒေသခံချင်းလူမျိုးတွေ စားနပ်ရိက္ခာ သယ်ယူရာမှာ အခက်ခဲဖြစ်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့က ငဖဲမြို့နယ် ကျွဲတလင်းရွာနားမှာ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF ) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပဒါန်းမြို့ထဲဝင်ထွက်သွားလာခွင့်ကို စစ်ကောင်စီဘက်က တင်းကြပ်စွာ ကန့်သတ်လိုက်တာလို့လည်း သိရပါတယ်။
ငဖဲမြို့နယ်ထဲက ဒေသအခေါ် တောင်ပေါ်ဆယ်အုပ်စုလို့ခေါ်တဲ့ ချင်းလူမျိုးဒေသခံတွေ နေထိုင်တဲ့ ကျေးရွာ ၃၀ လောက်က ပဒါန်းမြို့ကို သွားပြီးတော့ ဈေးသွား၊ ဈေးဝယ် လုပ်ကြရတာဖြစ်ပြီး အခုတော့ ပဒါန်းမြို့ဝင်ထွက်သွားလာခွင့်ကို စစ်ကောင်စီက ကန့်သတ်တာတွေ တင်းကြပ်လိုက်တာအပြင် စားနပ်ရိက္ခာသယ်ယူခွင့်ကို ကန့်သတ်တာမျိုးတွေလုပ်တာကြောင့် ဒေသခံချင်းလူမျိုးတွေအနေနဲ့ အခက်ခဲတွေကြုံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတစ်ဦးက “အခုက စစ်ကောင်စီက ကန့်သတ်ထားတဲ့အခါကြတော့ အရင်ကလို ပိုက်ဆံရှိသလောက် ဆန်ကိုလည်းလိုသလောက် ဝယ်ယူလို့မရတော့ဘူး အရင်က ဆန်တစ်တင်းသယ်လို့ရရင် အခုက ငါးပြည်လောက်ဘဲ သယ်လို့ရတယ် ငါးရက်စာ၊ တစ်ပတ်စာလောက်ဘဲ သယ်လို့ရတယ် တခြားစားသောက်ကုန်တွေကိုလည်း စစ်ဆေးပြီး အကန့်သတ်နဲ့ဘဲ သယ်ယူနေရတဲ့အခြေနေမျိုးရှိတယ် အဲဒီအခါကြတော့ ရွာကနေ မြို့ကို ခဏခဏသွားဖို့က ဆိုင်ကယ် ကယ်ရီခတွေ မတက်နိုင်ကြဘူး ဆိုင်ကယ်ရှိတဲ့သူဆိုရင်လည်း ဆီဖိုးမတတ်နိုင်ကြဘူး အဲလိုဒုက္ခတွေတော့ရှိတယ် ပဒါန်းမြို့ကို ရွာကနေ ခြေကျင်နဲ့သွားဖို့ကလည်း ၄ နာရီ ၅ နာရီလောက်သွားရတဲ့ ခရီးဆိုတော့ အခက်ခဲဖြစ်ကြတယ် အဓိကတော့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ရိက္ခာမရောက်အောင် အခုလို တင်းကြပ်လိုက်တဲ့ သဘောဖြစ်တယ် အခုက ပဒါန်းကနေ ကန့်သတ်တင်းကြပ်တာတွေက အတော်ဆိုးတယ်လို့ ပြောကြတယ်” လို့ပြောပါတယ်။
ငဖဲမြို့နယ်က အိမ်ခြေ ၁၅ အိမ်ရှိတဲ့ ဆားပေါက်တောင်ရွာကိုစစ်ကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ချင်းလူမျိုး အသက် ၄၀ ကျော်အမျိုးသမီးနဲ့ အသက် ၄၀ ကျော်အမျိုးသား ဇနီးမောင်နှံ သေဆုံးခဲ့ရပြီး ဒေသခံရွာသား ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။