Headlines

အမ်းမြို့နယ် (နပခ)က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတချို့ကိုဖမ်းဆီးရမိကာ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိတယ်လို့ CDF – Asho ထုတ်ပြန်

ဒီဇင်ဘာလ ၂၈ ရက်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးရမိတာနဲ့အလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီကနေ လက်နက်ခဲယမ်းအများအပြားနှင့် စစ်အသုံးဆောင်များစွာ သိမ်းဆည်းရရှိတယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) ကဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကို အာရက္ခတပ်တော် (AA) တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကြောင်းအသီးသီးက စစ်ကြောင်းပျက် ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၉၀) ခန့်ပါ စစ်ကြောင်း ၂ ကြောင်းကို အမ်း – ပဒါန်း လမ်းမအနီးပျဉ်းဝ စစ်ဆေးဂိတ် အနောက်ဘက်မီတာ (၁၅၀၀) ေကျာ်ခန့်ကနေ ပိတ်ဆို့တားဆီးခဲ့တယ်လို့ CDF – Asho က ထုတ်ပြန်ထားပါတယ်။

အသာတကြည် လက်နက်အပ်အလင်းဝင်သူစစ်ကောင်စီတပ်သားတွေရှိပြီး တချို့က စစ်ကြောင်းပျက် ခြေဦးတည်ရာထွက်ပြေးသွားကြကာ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို လိုက်လံရှာဖွေရှင်းလင်းရာ ၃ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၇) ဦး ထပ်မံလက်ရ ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။

အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားနဲ့ ဖမ်းဆီးရမိသူတွေထံကနေ လက်နက်ခဲယမ်းအများအပြားနှင့် စစ်အသုံးအဆောင်များစွာ သိမ်းဆည်းရရှိခဲ့သလို ထွက်ပြေးလွတ်မြောက်လျှက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို နယ်မြေရှင်းလင်းရှာဖွယ်လျှက်ရှိတယ်လို့လည်း CDF – Asho က ထုတ်ပြန်ထားပါတယ်။

CDF-Asho တပ်ဖွဲ့ဟာ မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်စပ်မှာစစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်ပါတယ်။

အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ အပြတ်သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *