Headlines

မတူပီ၊မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းနဲ့ တီးတိန် မြို့သိမ်းတိုက်ပွဲတွေမှာ ချင်းညီနောင်အဖွဲ့ကရဲဘော် ၁၀၀ ခန့် ကျဆုံးပြီး ၄၀၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့

ဒီဇင်ဘာလ ၃၀ရက်။

၂၀၂၄ ခုနှစ် ၁ နှစ်တာအတွင်း စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားခဲ့တဲ့ မတူပီ၊မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းနဲ့ တီးတိန်မြို့သိမ်းစစ်ဆင်ရေးစတဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ ချင်းညီနောင် ရဲဘော် ၁၀၀ ခန့် ကျဆုံးခဲ့ပြီး ၄၀၀ ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ် လို့ ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်မှာ ပြုလုပ်တဲ့ ချင်းညီနောင်အဖွဲ့ ၁ နှစ်ပြည့်အခမ်းအနားမှာ ချင်းညီနောင်အဖွဲ့၊CDF – မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေကပြောပါတယ်။

“ကျနော်တို့ ချင်းညီနောင်တပ်ဖွဲ့ရဲ့ ရဲဘော် ၁၀၀ ဝန်းကျင်လောက် ကျဆုံးပြီးတော့ ၊ရဲဘော် ၄၀၀ ဝန်းကျင်လောက် ထိခိုက်ဒဏ်ရာရရှိတာ ရှိပါတယ်။ ဒါကတော့ ချင်းညီနောင်စစ်ဆင်ရေးသက်သက်ကို ပြောတာဖြစ်ပါတယ်။ ဆို တော့ ကျနော်တို့ရဲ့ ကျသွားတဲ့သူရဲကောင်းတွေပေါ့။ သွေးတွေနဲ့ရေးထားတဲ့ တော်လှန်ရေး ၊ချင်းညီနောင် စစ်ဆင် ရေး ဖြစ်ပါတယ်။ ဆိုတော့ ဒီလို အသက် ပေးသွားတဲ့ သူတွေ ၊ ခန္ဓာကိုယ် ပေးဆပ်သွားတဲ့သူတွေ၊ သူရဲကောင်းတွေ ကြောင့်ပဲ အခုလိုအောင်မြင်နေတဲ့ စစ်ဆင်‌ရေးကို ဖော်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်” လို့ ချင်းညီနောင်တပ်ဖွဲ့ CDF – မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေ ကပြောပါတယ်။

ဒီနှစ်အတွင်း ကျဆုံးသူတွေ နဲ့ထိခိုက်ဒဏ်ရာရသူ တွေဟာ ချင်းညီနောင် တပ်ဖွဲ့ဝင် အဖွဲ့ ၆ ဖွဲ့ရဲ့ ကျဆုံး၊ထိခိုက်ဒဏ်ရာ ရ စာရင်းဖြစ်ပြီး ၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ဖြစ်ပွားခဲ့တဲ့ ၄ နှစ်တာကာလ တိုက်ပွဲအတွင်းမှာတော့ ချင်းညီနောင်တပ်ဖွဲ့ဝင်ရဲဘော် ၂၅၀ ခန့် ကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀၀ ခန့် ရှိခဲ့တယ်လို့ ဆလိုင်းထန်းချွန်းဖေ ကပြောပါတယ်။

“လေးနှစ်တာကာလအတွင်းမှာပေါ့လေ။ ကျနော်တို့ စစ်ဆင်ရေးကာလအတွင်း အဖွဲ့အစည်းအသီးသီးမှာ ကျဆုံးသူ ၂၅၀ လောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁၀၀၀ ခန့် ရှိပါတယ်” လို့ သူကပြောပါတယ်။

၄ နှစ်တာ ကာလအတွင်း ချင်းညီနောင်အဖွဲ့က ကျဆုံးခဲ့တဲ့ရဲဘော်တွေဟာ ချင်းပြည်နယ်တစ်ခုတည်းမှာ မဟုတ်ဘဲ နယ်မြေထိစပ် နေတဲ့ မ ကွေး၊ ကလေး၊ တမူး ဒေသ တိုက်ပွဲတွေမှာပါ ထိခိုက် ကျဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ချင်းညီနောင်အဖွဲ့ကို ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ဇိုမီးဖက်ဒရယ် အ စည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) စတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေးအင်အားစု ၆ ဖွဲ့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ချင်းညီနောင်အဖွဲ့ဟာ လက်ရှိမှာ ချင်းပြည်နယ်မှာ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ကျင်ဒွေး မြို့တို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ဖလမ်းမြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ဖို့ ဆက်လက်တိုက်ခိုက်လျက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *