ဒီဇင်ဘာလ ၃၀ ရက်။
ချင်းအမျိုးသားများရဲ့ ပေါင်းစည်းညီညွှတ်ရေး လုပ်ငန်းစဉ်တွေမှာ ဝိုင်းဝန်းအားဖြည့် ကူညီဖို့ အမျိုးသားညီညွှတ်ရေးအစိုးရအနေနဲ့ အမြဲအသင့်ရှိနေတယ်လို့ ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်မှာ ပြုလုပ်တဲ့ချင်းညီနောင်ဖွဲ့စည်းခြင်း ၁ နှစ်ပြည့် အခမ်းအနားမှာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလက သတင်းစကားပါး ထည့်သွင်းပြောကြားခဲ့ပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက “စစ်အာဏာရှင်စနစ်ကို သုတ်သင်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိိုကရေစီအသစ်တည်ထောင်ရေးဟာ မဟာမိတ်တပ်ပေါင်းစု တည်ဆောက်ရေး မဟာဗျူဟာနဲ့ တော်လှန်ရေးအင်အားစုများအကြား စုစည်းညီညွှတ်မှု ခိုင်မာအားကောင်းမှုအပေါ်မှာ အများကြီးမှုတည်နေတာဖြစ်ပါတယ် ကျနော်တို့အစိုးရအနေနဲ့လည်း ချင်းအမျိုးသားများရဲ့ပေါင်းစည်းညီညွှတ်ရေး လုပ်ငန်းစဉ်တွေမှာ ဝိုင်းဝန်းအားဖြည့်ကူညီဖို့ အမြဲအသင့်ရှိနေတဲ့ကြောင်း ဒီနေ့အခန်းအနားကနေတဆင့် သတင်းစကားပါးချင်ပါတယ်” လို့ပြောပါတယ်။
ချင်းညီနောင်အနေနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ချင်းပြည်ပြန်လည်ပေါင်းစည်းရေး နှင့် ချင်းလူမျိုးများသွေးစည်းညီညွှတ်ရေးကို လိုလားတဲ့အကြောင်း ချင်းပြည်ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းပေးတဲ့ မည်သည့်အဖွဲ့အစည်း (Third Parties) နဲ့မဆို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ICNCC / CB လုပ်ငန်းကော်မတီကို ဖွဲ့စည်းထားတဲ့အကြောင်း ချင်းညီနောင် ၁ နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ICNCC / CB ၏ ပေါင်းစည်းရေးဆိုင်ရာ နိုင်ငံရေးရပ်တည်ချက်နှင့်မူဝါဒ တွေကိုလည်း ပြင်ဆင်ရေးဆွဲထားပြီး ဖြစ်သလို ပေါင်းစည်းရေးအတွက် Third Parties အစုအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိတဲ့အကြောင်းကိုလည်း ချင်းညီနောင် အစီရင်ခံစာမှာ တွေ့ရပါတယ်။
စစ်တင်ဘာလ ၂၁ ရက်နေ့ကမှ Zo Reunification Organization (ZORO) ဦးဆောင်မှုနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ ချင်းပြည်အစိုးရအဖွဲ့(Chinland Council)၊ ချင်းအမျိုးသားတပ်ဦး(CNF )နဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC/ ချင်းညီနောင် CB )အဖွဲ့ကြား နောက်နောင်နှစ်ဖက်အဖွဲ့အစည်းကြား သဘောထားကွဲလွဲမှုတွေရှိလာပါက လက်နက်နဲ့ မဖြေရှင်းဖို့အပါအဝင် သဘောတူညီချက် ၅ ချက် သဘောတူညီမှုရခဲ့ကာ လက်ရှိမှာ ဆွေးနွေးမှုတွေကို ဆက်လက်ဆောင်ရွက်နေကြတယ်လို့လည်း သိရပါတယ်။
ချင်းပြည်ကောင်စီ(Chinland Council ) ပေါ်ပေါက်ရေးအတွက် ၂၀၂၃ ဒီဇင်ဘာလ ၄ ရက်ကနေ ၇ ရက်နေ့အထိ ချင်းပြည်နယ်စပ် Victoria Base မှာကျင်းပခဲ့ပြီး ပြည်တွင်း၊ ပြည်ပဧည့်သည်များ၊ ချင်းအမျိုးသားတပ်ဦး(CNF) ကိုယ်စားလှယ်များ၊ ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်နဲ့ဒေသအစုအဖွဲ့ကကိုယ်စားလှယ်များ စုစုပေါင်း ၂၃၅ ဦးတက်ရောက်ခဲ့ကာ Chinland Council ဖွဲ့စည်းပြီး ေကြာင်းညီလာခံအပြီးမှာ ထုတ်ပြန်ခဲ့ပါတယ်။
ချင်းပြည်ကောင်စီ(Chinland Council) မှာ ချင်းလက်နက်ကိုင်အဖွဲ့များဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး/တပ်မတော်(CNF/A) ၊ CDF-Matupi တပ်မဟာ (၂)၊ ၊CDF-Lautu ၊ CDF-Zotung ၊CDF- Paletwa ၊ CDF-Hualngoram ၊ CDF-Tonzang၊ CDF-Hakha, CDF-Thantlang, CDF-KKG ၊ CDF-Zophei ၊ CDF/ CDM SIYIN ၊ PDA-Tedim၊ CDF-Mara ၊ CDF-Zanniatram နဲ့ Mindat Council စတဲ့အဖွဲ့များ ပါဝင်ပါတယ်။
Chinland Council ကို လက်မခံတဲ့ ချင်းလက်နက်ကိုင်အဖွဲ့များက ချင်းညီနောင်အဖွဲ့ ( CB)ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်မှာ ဖွဲ့စည်းခဲ့ပြီး CB အဖွဲ့မှာ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland)၊ ချင်းကာကွယ်ရေးတပ် (မင်းတပ်) CDF-Mindat၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)CDF-Kanpalet၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) CDF-Matupi Brigde 1 နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF) အဖွဲ့ ၆ ဖွဲ့ပါဝင်ပါတယ်။
ချင်းညီနောင်အဖွဲ့ဟာ နိုင်ငံရေးပိုင်းဆိုင်ရာမှာ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) မှာပါဝင်ထားပြီး လက်တွဲဆောင်ရွက်နေပါတယ်။