
ဒီဇင်ဘာလ ၂၇ ရက်။
ချင်းပြည်နယ်အတွင်း ချင်းဒေသကာကွယ်ရေးတပ်များ နယ်မြေစိုးမိုးမှု အများအပြားပြန်လည်ရရှိနေပြီဖြစ်သဖြင့် စစ်ရှောင်ဒုက္ခသည်အများအပြားမှာ နေရပ်ပြန်ရန် မျှော်လင့်နေကြကြောင်း မီဇိုရမ် ပြည်နယ်အစိုးရရဲ့ ဒုက္ခသည်များတည်းခိုနေထိုင်ရန် ရွေးချယ်မှုများကို စုံစမ်းစစ်ဆေးရေးတာဝန်ယူထားတဲ့ သုတေသနအဖွဲ့ရဲ့ အစီရင်ခံတင်ပြမှုမှာပါရှိတယ်လို့ အိန္ဒိယအခြေစိုက် Northeast Today မီဒီယာက ဒီဇင်ဘာလ (၂၆) ရက်နေ့မှာ သတင်းဖော်ပြပါတယ်။
ယခုဒီဇင်ဘာလအတွင်း ချင်းပြည်က မင်းတပ်နဲ့ကန်ပက်လက်မြို့အချို့ကို ဒေသကာကွယ်ရေးတပ်များမှ ထပ်မံထိန်းချုပ်လိုက်ခြင်းဖြစ်ပြီး တစ်ဆက်တည်းမှာ မီဇိုရမ်ပြည်နယ်အတွင်းရှိ အစိုးရ၏ အစီအမံဖြင့် စစ်ဘေးရှောင်ဒုက္ခသည်စခန်းများတွင်နေထိုင်သူများမှာ အခြားနေရာများသို့ရွှေ့ပြောင်းနေထိုင်မှုကြောင့် နှစ်ပတ်အတွင်း စခန်းအတွင်းနေထိုင်သူဦးရေ လေးရာနီးပါး လျှော့နည်းသွားကြောင်း မီဇိုရမ်ပြည်နယ် သဘာ၀ဘေးအန္တရယ် စီမံခန့်ခွဲရေးနဲ့ ပြန်လည်ထူထောင်ရေး ဌာနကထုတ်ပြန်ထားတယ်လို့ NET မီဒီယာမှာဖော်ပြပါတယ်။

မီဇိုရမ်ပြည်နယ်အစိုးရရဲ့ တရားဝင်စာရင်းအရ ဒုက္ခသည်ဦးရေမှာ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ ၃၃,၀၃၆ ဦးရှိပြီး ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ပြန်လည်စိစစ်ရာမှာ ဒုက္ခသည်ဦးရေ ၃၂,၇၉၄ ဦးရှိတဲ့အတွက် ဒုက္ခသည် ၃၈၀ ဦးလျော့ပါးသွားတယ်လို့ ဆိုပါတယ်။
မီဇိုရမ်ပြည်နယ်ရှိ မြန်မာဒုက္ခသည် သုံးသောင်းနှစ်ထောင်ကျော်အနက် တစ်သောင်းခြောက်ထောင်ကျော်မှာ ခရိုင် (၇) ခုရှိ ကယ်ဆယ်ရေးစခန်း ၁၂၇ ခုတွင်နေထိုင်ကြပြီး ကျန် တစ်သောင်းခွဲမှာ ကယ်ဆယ်ရေးစခန်းပြင်ပတွင်နေထိုင်ကြပါတယ်။ ပြည်နယ်အစိုးရရဲ့ နောက်ဆုံးစာရင်းအရ လက်ရှိဒုက္ခသည်စခန်းတွင် အမျိုးသား ၁၀၀၀၂ ဦး၊ အမျိုးသမီး ၁၀၃၄၀ ဦးနဲ့ ကလေး ၁၂၄၅၂ ဦးတို့ ရှိနေသေးတယ်လို့ သိရပါတယ်။
ယခုစာရင်းမှာ အစိုးရ၏ စာရင်းဖြစ်ပြီး အရပ်ဖက်လူမှုအဖွဲ့အစည်းများရဲ့ စာရင်းနှင့်ကွာခြားမှုရှိပါတယ်။ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ စာရင်းမှာတော့ မီဇိုရမ်ပြည်နယ်အတွင်းမှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်ဦးရေဟာ ခြောက်သောင်းနဲ့အထက်ရှိတယ်လို့ ဖော်ပြကြပါတယ်။
မီဇိုရမ်ပြည်နယ်က Champhai ခရိုင်ဟာ မြန်မာပြည်ဖက်ခြမ်းမှ စစ်ဘေးရှောင်ဒုက္ခသည်အများဆုံး လက်ခံထားတဲ့ ခရိုင်ဖြစ်ပြီး မကြာသေးမီက စစ်ဘေးရှောင်စခန်းမှအခြားဒေသများသို့ ပြောင်းရွှေ့သူများလည်းရှိပါတယ်။ အခုချိန်မှာ Champhai ခရိုင်အတွင်း ဒုက္ခသည် ၁၃၅၈၆ ဦးကျန်ရှိနေပြီး ကယ်ဆယ်ရေးစခန်း ၁၉ ခုတွင် နေထိုင်သူ ၆၆၅၀ နဲ့ စခန်းပြင်ပတွင်နေထိုင်သူ ၆၉၃၆ ဦးကို ခရိုင်အတွင်း လက်ခံထားဆဲဖြစ်ပါတယ်။
မီဇိုရမ်ပြည်နယ်တောင်ပိုင်း၊ လောင်တလိုင်း နဲ့ ဆိုင်ဟာခရိုင်တို့မှာ ကယ်ဆယ်ရေးစခန်း ၃၈ ခုစီးဖွင့်လှစ်ထားပြီး လောင်တလိုင်ခရိုင်တွင် ဒုက္ခသည် ၅၉၂၂ ဦးရှိပြီး စခန်းတွင်နေထိုင်သူ ၄၀၂၆ ဦးနဲ့ စခန်းပြင်ပတွင် နေထိုင်သူ ၁၈၉၆ ဦးတို့ရှိပါတယ်။
၂၀၂၄ ခုနှစ်အတွင်း မြန်မာပြည်တွင်းမှ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ဒုက္ခသည်များကို မြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်စပ် စစ်တကောင်း တောင်တန်းဒေသများမှာလည်း ဒုက္ခသည်စခန်းများဖွင့်လှစ်ကာနေရာချထားတာတွေလည်းရှိပါတယ်။
ချင်းပြည်နယ်တောင်ပိုင်းနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ချင်းလူမျိုးဒုက္ခသည်အများစုဟာ နယ်မြေအနီးစပ်ဆုံးဖြစ်တဲ့ မီဇိုရမ်ပြည်နယ် Siaha ခရိုင်တွင်စစ်ဘေးတိမ်းရှောင်ကြတာဖြစ်ပြီး လက်ရှိမှာ ဒုက္ခသည်စခန်းတွင် ၄၀၆၂ ဦးနဲ့ စခန်းပြင်ပတွင်နေထိုင်သူ ၉၁၄ ဦးခိုလှုံနေထိုင်လျက်ရှိပါတယ်။
ချင်းပြည်နယ်အတွင်း ချင်းဒေသကာကွယ်ရေးမဟာမိတ်တပ်များမှ မြို့၊ မြို့နယ်အားလုံးနီးပါးကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး ပြည်နယ်မြို့တော်ဖြစ်တဲ့ ဟားခါးမြို့ နဲ့ တီးတိန်မြို့၊ ထန်တလန်မြို့များသာ စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်တွင်ကျန်ရှိနေပါတယ်။ ဖလမ်းမြို့ကိုလည်း ချင်းဒေသကာကွယ်ရေးမဟာမိတ်တပ်များမှ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး မြို့ပေါ် အချက်အခြာကျတဲ့ နေရာအတော်များများကို ထိန်းချုပ်နေပြီဖြစ်ပါတယ်။