Headlines

ထိန်းချုပ်နယ်မြေမှာ ကျောင်းသား/ ကျောင်းသူပေါင်း ၆၀,၀၀၀ ကျော်ကို ဆရာ၊ ဆရာမ အင်အား ၅,၀၄၀ ဦးခန့်နဲ့ ပညာသင်ကြားပေးလျှက်ရှိကြောင်းချင်းညီနောင်အဖွဲ့အစီရင်ခံစာမှာဖော်ပြ

ချင်းညီနောင် ထိန်းချုပ်နယ်မြေမှာ ကျောင်းသား/ ကျောင်းသူပေါင်း ၆၀,၀၀၀ ကျော်ကို ဆရာ၊ ဆရာမ အင်အား ၅,၀၄၀ ဦးခန့်နဲ့ ပညာသင်ကြားပေးလျှက်ရှိတဲ့အကြောင်း ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့က ကျင်းပခဲ့တဲ့ ချင်းညီနောင်ဖွဲ့စည်းခြင်း ၁ နှစ်ပြည့် အခမ်းအနားအစီစဉ်မှာ ဖော်ပြတဲ့ အစီရင်ခံစာအရ သိရပါတယ်။

ICNCC/CB က Chin State Education Board နဲ့ လက်တွဲပြီး လွတ်မြောက်နယ်မြေ နဲ့ ချင်းညီနောင် ထိန်းချုပ်နယ်မြေတွေမှာ ကျောင်းပေါင်း ၈၃၅ ကျောင်း ဖွင့်လှစ်ပြီး ပညာ သင်ကြားပေးလျှက်ရှိတဲ့ကြောင်း ချင်းညီနောင်အဖွဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ချင်းညီနောင်အဖွဲ့ဟာ လက်ရှိ ချင်းပြည်နယ်မှာ မတူပီမြိို့၊ မင်းတပ်မြို့၊ ကန်ပက်လက်မြို့၊ ကျင်ဒွေးမြို့ ၄ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားသလို ဖလမ်းမြို့ကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေပါတယ်။

လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကိုလည်းကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC/CB )အနေနဲ့ Institute of Chin Affairs (ICA)၊ INGO၊ NUG, နိုင်ငံခြားရောက် ချင်းလူမျိုးများ၊ မြေပြင်အရပ်ဘက်လူမှုအဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး စစ်ဘေးရှောင်တွေနဲ့ သဘာဝဘေး ဒဏ်ခံရသူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပေးအပ်လျက်ရှိတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နောက်ပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်မှာ ချင်းစစ်ဘေးရှောင် စုစုပေါင်း ၆၀,၀၀၀ ခန့်ရွှေ့ပြောင်းနေထိုင်လျှက်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။ ချင်းညီနောင်အနေနဲ့ NUG ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးမြို့ဒေသ အသီးသီးမှာ ကျန်းမာရေးကော်မတီတွေကို ဖွဲ့စည်းပြီး ဆေးရုံ၊ ဆေးခန်းတွေဖွင့်လှစ်ပြီး Mobile Clinic, Home Clinic တွေဖွင့်လှစ်ခြင်းဖြင့် ကျန်းမာရေး ဝန်ဆောင်မှုတွေကို ပေးလျက်ရှိပြီး ဆေးရုံပေါင်း ၁၅ ခုမှာ ဆရာဝန် ၂၀ ခန့် ၊ သူနာပြု ၂၂၈ ခန့် နဲ့ အထွေထွေ ကျန်းမာရေးလုပ်သားပေါင်း ၅၀၀ ခန့်ဖြင့် ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုတွေပေးလျက်ရှိတယ်လို့လည်း ချင်းညီနောင်အဖွဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ချင်းလက်နက်ကိုင် (၆) ဖွဲ့ဖြစ်တဲ့ ချင်းကာကွယ်ရေး – မင်းတပ် (CDF – Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/ PDF – Zoland)၊ ချင်းကာကွယ်ရေးတပ် – ကန်ပက်လက် (CDF – Kanpalet)၊ ချင်းကာကွယ်ရေးတပ် -( မတူပီ ) တပ်မဟာ (၁) CDF – Matupi Brigde 1 နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF) အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ချင်းညီနောင်အဖွဲ့ဟာ နိုင်ငံရေးပိုင်းဆိုင်ရာမှာ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) မှာပါဝင်ကာလက်တွဲဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပြီး ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်က ဒေသခံအများစုဟာ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေးတွေမှာ လိုအပ်ချက််များစွာနဲ့ အခက်ခဲစိန်ခေါ်မှုတွေ ဆက်လက်ကြုံနေကြောင်းကိုလည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *