
နိုဝင်ဘာလ ၃၀ ရက်။
မလေးရှားနိုင်ငံ ဆလန်းကော ပြည်နယ်၊ ကလန်မြို့ ဆေးရုံကြီးကနေ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကွယ်လွန်သွားခဲ့သော အသက် ၃၀ နှစ်အရွယ် ချင်းလူငယ် Lal Ram Din @ Van Sui Luai ရဲ့ ရုပ်အလောင်းကို မြန်မာလူမှုကူညီရေး အသင်း(မလေးရှား) ရဲ့အကူအညီ ဖြင့် ချိတ်ဆက်မှုဖြင့် ကွယ်လွန်သူရဲ့မိသားစုဝင်များ နေထိုင်ရာ ကလေးမြို့နယ် ရွာသစ်ရွာက နေအိမ်အထိ နိုဝင်လာလ ၂၉ ရက်ညမှာ အရောက် ပို့ပေးနိုင်ခဲ့ကြောင်း သိရှိရပါတယ်။

Lal Ram Din ဟာ မလေးရှားနိုင်ငံ ဆလန်းကော ပြည်နယ်၊ ကလန်မြို့မှာသွားရောက် အလုပ် လုပ်ကိုင် နေသူဖြစ်ပြီး နာမကျန်း ဖြစ်ကာ ကလန်မြို့ ဆေးရုံကြီးတွင် ကုသမှု ခံယူသော်လည်း ပြန်လည် ကျန်းမာလာခြင်း မရှိဘဲ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်တယ်လို့လည်း သိရှိခဲ့ ရပါတယ်။
ကွယ်လွန်သူရဲ့ရုပ်အလောင်းကို ကလန်မြို့ ဆေးရုံကြီးအအေးခန်းကနေ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ထုတ်ယူပြီး မလေးရှားရှိ ချင်းကွန်မြူနီတီ အဖွဲ့ နှင့် ကာချမ်းမြို့မှာဆုတောင်းပွဲ ပြုလုပ်ကာ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ လေကြောင်း ကနေ တဆင့် မြန်မာနိုင်ငံကို ပို့ဆောင်ခဲ့ကြခြင်း ဖြစ်ပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ စေတနာလူမှုကူညီရေးအသင်း (ပုဇွန်တောင်မြို့နယ်) မှ ကားဖြင့်ရန်ကုန်မှကလေးမြို့သို့ပို့ဆောင် ကူညီခဲ့ပြီး လိုက်ပါလာတဲ့ အသင်းသားများ ကိုယ်တိုင် ခက်ခဲကြမ်းတမ်းတဲ့ လမ်းကို ပေါက်တူး၊ ပေါက်ပြားများ ဖြင့် ပြင်ဆင်ရင်း နိုဝင်ဘာလ ၂၉ ရက်နေ့ ညမှာ ကလေးမြို့နယ် ရွာသစ်ရွာက ကွယ်လွန်သူရဲ့မိသားစုနေအိမ်အထိအရောက်ပို့ပေး နိုင်ခဲ့တယ်လို့လည်းဆက်လက် သိရှိခဲ့ ရ ပါတယ်။
