Headlines

ချင်းလူမျိုးအများစုရှိတဲ့ ပလက်ဝမြို့နယ်မှာ အာရက္ခပညာရေးစနစ်ဖော်ဆောင်ဖို့ပြင်ဆင်နေတဲ့အပေါ် ဒေသခံတွေမကြိုက်ကြဘူးလို့ သိရ

နို၀င်ဘာလ ၃၀ ရက်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းလူမျိုးအများစုနေထိုင်တဲ့ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်မှာ ရခိုင်ဘာသာကို အခြေခံတဲ့ အာရက္ခပညာရေးစနစ်ကို ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် အကောင်အထည်ဖော်ဖို့ပြင်ဆင်နေတဲ့အပေါ် ဒေသခံချင်းလူမျိုးတွေက မကြိုက်ကြဘူးလို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။

ပလက်ဝဒေသခံတစ်ဦးပြောတာက “၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် ပြင်ဆင်နေတယ်လို့ သိရတယ်။ အခုက AA ထိန်းချုပ်ပြီး အုပ်ချုပ်နယ်မြေမှာ ဒီနှစ်ကစတင်ပြီး အကောင်အထည်ဖော်ချင်တဲ့ သဘောရှိပါတယ်။ ဒေသခံပြည်သူတွေကတော့ မကြိုက်တာက အမှန်ဘဲ ဒီအချိန်မတတ်နိုင်လို့သာပေါ့ သူတို့စာပေ၊ သူတို့စကား၊ သူတို့မှုပေါ်လစီမကြိုက်ကြတာပါ လူမျိုးမတူ၊ တစ်ခြားလူမျိုးအုပ်ချုပ်ရေး အောက်ရောက်သွားတော့ မကြိုက်ပေမယ့် မတတ်နိုင်ဘူးပေါ့” လို့ပြောပါတယ်။

ချင်းလူမျိုးအများစုရှိတဲ့ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခပညာရေးစနစ်ပြဋ္ဌာန်းမှုအပေါ် ပလက်၀ကချင်းလူမျိုးများကသဘောမတွေ့ကြတာဖြစ်ပါတယ်။

ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(AA)က ရခိုင်ဘာသာစကားနဲ့ အာရက္ခပညာရေးစနစ်နဲ့ ဖော်ဆောင်ဖို့ AA က စည်းရုံးတာတွေ လုပ်နေတဲ့အကြောင်းကို ပလက်၀ဒေသခံတွေဆီကနေ သိရပါတယ်။ အာရက္ခတပ်တော်(AA )ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာတော့ အာရက္ခပညာရေးစနစ်ကို စတင်အကောင်အထည်ဖော် သင်ကြားနေပြီဖြစ်ပြီး ချင်းလူမျိုးအများစုအဓိကနေထိုင်တဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာတော့ အခုအကောင်အထည်ဖော်ဆောင်ရွက်ဖို့ စတင်နေတာလည်းဖြစ်ပါတယ်။

ပလက်ဝမြို့နယ်အတွင်း ေနထိုင်တဲ့ လူဦးရေ ၁ သိန်းဝန်းကျင်မှာ ရခိုင်လူမျိုး လူဦးရေက ၂ သောင်းနီးပါးခန့်သာရှိပြီး အများစုက ခူမီးချင်းလူမျိုးဖြစ်ပြီး ခေါင်စိုချင်း၊ အနူးချင်း၊ မတူချင်း၊ မရာချင်းနဲ့ ဒိုင်ချင်းတွေ နေထိုင်ကြတဲ့ ဒေသဖြစ်ပါတယ်။

ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းအားလုံးကို အာရက္ခတပ်တော်(AA )က ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အပြီးတိုက်ခိုက်ကာသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ပလက်ဝမြို့ကဒေသခံအများစုဟာ လက်ရှိအချိန်အထိမြို့ကိုပြန်မလာသေးပဲ စစ်ဘေးရှောင်နေကြကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *