နိုဝင်ဘာလ ၂၉ ရက်။
စစ်ကောင်စီတပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်းကလေးမြို့ နဲ့အနီးဝန်းကျင်တွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ မကြာခဏလုပ်နေသလို ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း ကလေးမြို့အရှေ့ဘက်၊ ကင်မွန်းချုံကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးပြီး၊ အမျိုးသမီး တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
ကလေးမြို့ဒေသခံတစ်ဦးက “ဘာမှလည်း တိုက်ပွဲဖြစ်တာမျိုးမဟုတ်ဘဲနဲ့ ဒီတိုင်းဘဲ လက်နက်ကြီးနဲ့ ၂ ကြိမ်လားမသိဘူး ပစ်ခတ်သံကြားတယ် အကြောင်းမဲ့ပစ်တာလို့ထင်တယ် တော်ယုံတန်ယုံအဲဒီဘက်ကို ပစ်တာအရင်ကမကြားဖူးဘူး ခုနောက်ပိုင်းစစ်ကောင်စီက ပြည်သူတွေရဲ့ရွာတွေ အိမ်တွေကို သူတို့လေ့ကျင့်ရေးကွင်းဆင်းတဲ့ နေရာလိုဖြစ်နေတာပေါ့ လျှောက်လျှောက်ပစ်နေတာ ဒေသခံတွေအနေနဲ့လည်း သတိထားသင့်တယ် မြို့ရဲ့ဘေးပတ်ခြာလည်က ရွာတွေအနေနဲ့ အချိန်မရွေး လေယာဉ်နဲ့လည်း ဗုံးကြဲနိုင်တယ် လက်နက်ကြီးလည်း ကျလာနိုင်တယ်ပေါ့ သူတို့ကဒီလိုလုပ်နေတာ သိနေပြီဆိုတော့ ကိုယ့်ဘက်ကသတိထားမှဘဲရမှာ”လို့ပြောပါတယ်။
စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ကင်မွန်းချုံကျေးရွာထဲကို မနေ့ညနေ ၆ နာရီကျော်လောက်မှာ ကျရောက်ပေါက်
ကွဲခဲ့ပြီး အသက်(၄၀) ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရသလို နောက်တစ်ဦးကတော့ ပေါင်မှာ မစိုးရိမ်ရ တဲ့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။
ကင်မွန်းချုံကျေးရွာဟာ ကလေးမြို့အရှေ့ဘက် မြစ်သာမြစ်ရဲ့ တစ်ဖက်ကမ်းမှာတည်ရှိတဲ့ ရွာဖြစ်ပြီး အခုလိုလက်နက်ကြီးနဲ့ ပစ်ခတ်တာ ဒါပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း ကလေးမြို့အနောက်မြောက်ဘက်ပိုင်းက လက်ပံချောင်းရွာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ရပါတယ်။