အောက်တိုဘာလ ၁၃ ရက်။
ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF-Thantlang ) ရဲ့ စစ်ဦးစီးချုပ် ဆလိုင်းရမ်ဇာရ် (Ram Zel) အသက် ၃၀ နှစ် ဟာ အောက်တိုဘာလ ၁၂ ရက်တုန်းက ထန်တလန်မြို့ပေါ် တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဦးဆောင်သူတွေဆီကသိရပါတယ်။
“စစ်ဦးစီးချုပ်တစ်ယောက် စစ်မြေပြင်မှာ ကိုယ်တိုင်ဦးဆောင်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးဆပ်သွားတဲ့ CDF Thantlang ရဲ့ Chief of Staff (CS), Salai Ram Zel ရယ်…….အမျိုးသားရေးစိတ်ဓာတ်အပြည့်နဲ့ ချင်းကျောင်းသားလှုပ်ရှားမှုဖြစ်တဲ့ CSU, CLCC နဲ့ CUSF တွေမှာ တက်တက်ကြွကြွ ဦးဆောင်ပါဝင်လေ့ရှိတဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦး……စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှုကြောင့် လက်နက်ကိုင်တော်လှန်ပြီး ရဲစွမ်းသတ္တိအပြည့်နဲ့ ကိုယ်တိုင်ဦးဆောင်တိုက်ပွဲဝင်နေသူတစ်ဦး…”လို့ အရည်အချင်းရှိတဲ့ စစ်ဦးစီးချုပ်ခေါင်းဆောင်ကောင်းတစ်ယောက်ကို ဒီလိုအချိန်မှာဆုံးရှုံးရတာဟာ ချင်းပြည်နဲ့ ချင်းလူမျိုးအတွက်သာမဟုတ်ဘဲ အဖိနှိပ်ခံပြည်သူလူထုတစ်ရပ်လုံးအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ရပ်ဖြစ်တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)ရဲ့အတွင်းရေးမှူး ဆလိုင်းဝီလီယမ်ချင်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ထန်တလန်မြို့ပေါ်မှာ ကျန်ရှိနေတဲ့စစ်ကောင်စီတပ်စွဲထားတဲ့ NLD ပါတီရုံး အဆောက်အအုံနဲ့ ရဲစခန်းကို ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်တွေတိုက်နေတဲ့အဲဒီတိုက်ပွဲတွေအတွင်းမှာ CDF-Thantlang စစ်ဦးစီးချုပ်ကျဆုံးခဲ့တာလို့ သိရပါတယ်။
CDF-Thantlang စစ်ဦးစီးချုပ် Salai Rem Zel ဟာ ကွယ်လွန်ချိန်မှာ အသက် (၃၀) နှစ်သာရှိသေးပြီး ဇနီးနဲ့ ကလေး ၂ ဦးကျန်ရစ်ခဲ့ပါတယ်။