Headlines

ဟားခါး – ထန်တလန် ကြား စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ကျော်သေဆုံးပြီး ၂၀ ခန့် ဟားခါးဆေးရုံပို့ဆောင်ထားရတယ်လို့ သိရ

အောက်တိုဘာလ ၁၆ ရက်။

ချင်းပြည်နယ်၊ဟားခါး – ထန်တလန်ကြားမှာ အောက်တိုဘာလ ၁၅ ရက်နေ့ကစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝ ယောက်ကျော် တိုက်ပွဲအတွင်းမှာ သေဆုံးပြီး ၂၀ ခန့် ဟားခါး ဆေးရုံရောက်တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF/CNA)ရဲ့ေပြာရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Chin World Media ကိုပြောပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF/CNA ) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “မြေပြင်ရော ဝေဟင်ရောပြင်းထန်နေပါတယ် ဟားခါးနဲ့ ထန်တလန်ကြားပေါ့ စစ်ကောင်စီဘက်က ၁၀ ယောက်ကျော် ကျပြီး ၂၀ ခန့် ဟားခါးဆေးရုံရောက်တယ်လို့သိရတယ် စစ်ကောင်စီဘက်က ထန်တလန်ကို ပြန်စိုးမိုးဖို့ကြိုးစားနေတယ် ကျတော်တို့ဘက်က အထိခိုက်မရှိဘူး ဟားခါးကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်” လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က ထန်တလန်မြို့ထဲကိုလည်း လေကြောင်းကနေ ကြိမ်ဖန်များစွာတိုက်ခိုက်နေသလို ဟားခါး – ထန်တလန် အကြားကိုလည်း လေကြောင်းကနေ တိုက်ခိုက်တာတွေအပြင် ဟားခါးမြို့ကနေလည်း စစ်ကူစစ်ကြောင်းတွေလွှတ်ပြီး ဟားခါး – ထန်တလန်ကြားက ချင်းတော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်ကြောင်းထိုးတိုက်ခိုက်လာတာလည်း ဖြစ်ပါတယ်။

ဟားခါးကနေလာတဲ့ စစ်ကောင်စီစစ်ကူစစ်ကြောင်းတွေနဲ့ CNF/A ဦးဆောင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံး များစွာရှိခဲ့သလို အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း ဟားခါး – ထန်တလန်ကြားက သီမြစ် နဲ့ C3 ဘက်ကတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ပြန်ဆုတ်ခဲ့ရတယ်လို့လည်း သိရပါတယ်။

ထန်တလန်မြို့ဟာ စစ်ကောင်စီအတွက် ဟားခါးဗျူဟာစခန်းရဲ့ အနီးဆုံးမှာရှိသလို၊ ချင်းအမျိုးသားတပ်ဦးအတွက်လည်း ၎င်းတို့ ဝိတိုရိယ ဗဟိုဌာနချုပ်အနီးကပ်ဆုံးမှာ ရှိပြီး စစ်ရေးအရ အလွန်အရေးပါတဲ့ နေရာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ထန်တလန်မြို့မကျရေးတွက် အခိုင်မာထိုးစစ်ကြီးဆင်လာသလို Chinland Council ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း အပြီးသိမ်းပိုက်နိုင်ဖို့ ဆက်လက်တိုက်ခိုက်နေပါတယ်။

၂ လ ကျော်ကြာပြီဖြစ်တဲ့ ပြင်းထန်လှတဲ့ ထန်တလန်မြို့သိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ကော၊ Chinland Council ပူးပေါင်းတပ်ဖွဲ့ဖက်ကော ၂ ဖက်ထိခိုက် သေဆုံးမှုတွေရှိခဲ့ကြောင်းသိရပါတယ်။

Chinland Council ပူးပေါင်းတပ်ဖွဲ့ဘက်က ဖော်ဆောင်နေတဲ့ ထန်တလန်မြို့သိမ်းစစ်ဆင်ရေး Tilim Operation ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့ကနေ စတင်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေးကာလ ၂ လခွဲကျော်အတွင်း မှာ ထန်တလန်မြို့ပေါ်က ၂၆၉ တပ်ကုန်း၊ Lai Villa ၊ CB ဘဏ်အပါအဝင် ဟားခါး – ထန်တလန်ကြားက အော်တိုတောင်၊ လုံခါရ်တောင် နဲ့စစ်ကောင်စီရဲ့အမာခံစခန်းငယ် စုစုပေါင်း ၉ ခုကို သိမ်းပိုက်ထားနိုင်ပြီလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *