Headlines

မံဆောင်းတံတား ကုန်ထမ်း အလုပ်သမားများ ပွင့်လင်းရာသီမှာ ကုန်တင်ကားကြီးများ မြစ်ထဲဆင်း ဖြတ်ကူး နိုင်ပါက အလုပ်လက်မဲ့ ပြန်ဖြစ်မည်ကို စိုးရိမ်

စစ်ကောင်စီမှ မိုင်းခွဲ ဖျက်ဆီးခဲ့‌သော တီးတိန်မြို့နယ်၊မံဆောင်းတံတားဟောင်းရဲ့တောင်ဘက်ရှိ တံတားသစ် ဖောင်ဒေးရှင်း အပေါ် မှာ ဒေသခံ ပြည်သူများ ခင်းထားသည့် ယာယီ တံတားကို ဖြတ်ပြီး ကုန်ထမ်းသယ်ယူတဲ့အလုပ်သမား များ အနေဖြင့် ပွင့်လင်းရာသီမှာရေကျလာကာ ကားကြီးများ မြစ်ထဲဆင်းဖြတ် နိုင်ပါက အလုပ်လက်မဲ့ ပြန်ဖြစ်မည်ကို စိုးရိမ် နေကြကြောင်း မံဆောင်း တံတား ကုန်ထမ်း အလုပ်သမား များထံမှ သိရှိ ရပါတယ်။

“ကျွန်တော်တို့အတွက်တော့လောလောဆယ်ရေကြီးချိန်ဖြစ်လို့ပစ္စည်းသယ်ခ ကိုယ်လုပ်နိုင်သလောက် အနည်းအများရရှိကြပါတယ်။ဒါပေမယ့် မိုးကုန်လို့ ရေကျသွားရင်ကားတွေက မြစ်ထဲကနေ ဖြတ်သွား ကြတော့မှာမို့လို့ ဒီတံတားကို အမှီပြုဝင်ငွေရှာနေကြတဲ့ ကျွန်တော်တို့တွေ အားလုံး အလုပ်လက်မဲ့၊ဝင်ငွေမဲ့ဖြစ်သွားမှာတွေးပူနေရပါတယ်” လို့ မံ ဆောင်းတံတားကုန်ထမ်းအလုပ်သမား ၁ ဦးက ပြောပါတယ်။

ကလေးမြို့မှ တက်လာသော ကုန်တင်ကားများသည် မံဆောင်းတံတားအထိ ကုန်များကို သယ်ဆောင်လာကာ၊ လူအားဖြင့် တဖက်သို့ ထမ်းယူ သယ်ဆောင်ပြီး နယ်စပ်သို့ တခြားကားဖြင့် သယ်ယူ ရကြောင်း၊ နယ်စပ် မှ ကုန်များကိုလည်း ယင်း နည်းတူ ထမ်းယူ သယ်ဆောင်ရကြောင်း၊ နေ့စဉ် တံတားကို ဖြတ်ပြီး ကုန်ကား၁၂ ဘီးကား ၈ စီးမှ ၁၀ စီး ခန့်၏ ကုန်များကို မြစ်တဖက်ကမ်း သို့ ထမ်းယူ သယ်ဆောင် နိုင်ခဲ့ကြောင်း ဆက်လက် သိရှိခဲ့ရပါတယ်။

ကားဆရာတစ်ဦးကလည်း”ဒီမံဆောင်းတံတားပျက်စီးသွားတာ ကျွန်တော်တို့ အတွက် တော်တော်ဒုက္ခရောက် ပါတယ်။ကလေးမြို့ကနေ ဒီအထိဂိတ်ကြေး အဆင့်ဆင့် ပေးရတဲ့ အပြင်ဒီရောက်တော့ ပစ္စည်းခ ပေးရတဲ့ အပြင် ကိုယ့်စ္စည်းသယ်ပေးမယ့် အလှည့် ရောက်အောင် အကြာကြီး စောင့်ရတဲ့ အတွက် အချိန်ကုန် ၊ငွေကုန် လူပင်ပန်း ဖြစ်ကြရပါတယ်။ ကျွန်တော့်ဆန္ဒကတော့ မြစ်ရေမြန်မြန်ကျပြီး ကလေးကနေနယ်စပ်အထိ မြန်မြန်ရောက်မြန်မြန်ပြန်မှ တွက်ချေကိုက်မှာဗျ” လို့ ဆိုပါတယ်။

“အခုလို အလုပ်အကိုင်ရှားပါးတဲ့ အချိန်မှာ လက်လုပ်လက်စား အခြေခံလူတန်းစားများ အတွက် အလုပ်အကိုင် အခွင့်အလမ်း တစ်ခု လို ဖြစ်နေပါတယ်။ လတ်တလောမှာ သူတို့ရဲ့ မိသားစု စားဝတ်နေရေး ကို ထောက်ပံ့ပေး နိုင်တယ်လေ” လို့ တီးတိန် လူမှုရေး လုပ်ဆောင်သူ လူငယ် တစ်ဦး က သုံးသပ်ခဲ့ ပါတယ်။

     ချင်းပြည်နယ်၊တီးတိန်မြို့နယ်ရှိမဏိပူရမြစ်ကူးတံတားတစ်စင်းဖြစ်သောမံဆောင်းတံတားကို
လွန်ခဲ့သောမေလအတွင်းစစ်ကောင်စီတပ်မှဗုံးခွဲဖျက်စီးခဲ့ကြရာထိုတံတားကိုအသုံးပြုကြသောခရီးသွားပြည်သူများ၊ကုန်သည်များ အတွက်အလွန်အခက်အခဲဖြစ်ခဲ့ရပါတယ်။

ယခင်ကမံဆောင်းတံတားအနီးတွင်တံတားအထူးအဖွဲ့တစ်ဖွဲ့ကတံတားအသစ်တစ်ခုတည်ဆောက်ခဲ့ကြရာ ဖောင်ဒေးရှင်းပိုင်းအထိပြီးမြောက်သည့်အချိန်တွင်နိုင်ငံရေးအခြေအနေကြောင့်ရပ်ဆိုင်းခဲ့ရပါတယ်။

ယာယီတံတားကိုလိုင်တွီးရွာနှင့်လမ်းဇန်ရွာသားများကလူနှင့်ဆိုင်ကယ်များဖြတ်သန်းသွားလာနိုင်အောင်ပြင်ဆင်ဆောက်လုပ်ကြရာဇူလိုင်လ ၂၁ ရက်နေ့တွင် ဒေသခံများမှ တံတားသစ်ဖောင်းဒီရှင်း ပေါ်တွင် ယာယီတံတား ဆောက်လုပ် ပြီးစီး ခဲ့ပါတယ်။

ယာယီတံတားထိုးပြီး နောက် ခရီးသွားပြည်သူများနှင့်အိန္ဒိယနှင့်ကလေးမြို့ဖက်မှကုန်ပစ္စည်းများကိုလူအား ဖြင့်ကမ်းတစ်ဖက်သို့ပို့ဆောင်နိုင်ပြီဖြစ်ပါတယ်။ကလေးမြို့နှင့်အိန္ဒိယဖက်မှလာသောကုန်တင်ကားများသည်မိမိတို့ပစ္စည်းများတစ်ဖက်ကမ်းသို့ရောက်အောင်အချိန်အတော်ကြာအောင်စောင့်ဆိုင်းကြရပါတယ်။ကုန်ဈေးနှုန်မြင့်မားပြီးအလုပ်အကိုင်ရှားပါးသောယခုအချိန်တွင်လက်လုပ်လက်စားအခြေခံလူတန်းစားများအတွက်မှုကုန်ပစ္စည်းများသယ်ယူ၍ရရှိသောဝင်ငွေသည်လတ်တလောမိသားစုစားဝတ်နေရေးအတွက်များစွာအထောက်အကူပြုကြောင်းသိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *