Headlines

မိတ္တူကူးစက်အဟောင်းများအတွင်း သိုဝှက်ပြီးကလေးမြို့ကိုသယ်ဆောင်ရောင်းဝယ်တဲ့ ငွေကျပ်သိန်း ၄,၃ဝဝ တန်ဖိုးရှိ ဘိန်းဖြူ ၈ ဒသမ ၆ ကီလို ဖမ်းဆီးရမိ

အောက်တိုဘာလ ၂၈ ရက်။

မိတ္တူကူးစက်အဟောင်းများအတွင်း သိုဝှက်ပြီး မန္တလေးမြို့မှကလေးမြို့ကိုသယ်ဆောင်ရောင်းဝယ်တဲ့ ငွေကျပ်သိန်း ၄,၃ဝဝ တန်ဖိုးရှိ ဘိန်းဖြူ ၈ ဒသမ ၆ ကီလို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီရဲ့အောက်တိုဘာလ ၂၇ ရက် သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၂၃ ရက်နေ့ ည ၆ နာရီခွဲအချိန် စစ်ကိုင်းတိုင်း ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ(၆)၊ အမှတ်(၉)လမ်းတွင် ရိုဒိန်းလျန်နာ မောင်းနှင်ပြီး မောင်မောင်နိုင်ဝင်း(ခ)မောင်နိုင် လိုက်ပါလာသည့် TOYOTA MARK II မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဆပ်ပြာခွက် ၂၀၀ ခွက်ဖြင့် ထည့်လျက် ဘိန်းဖြူ ၂ ကီလို ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ည ၈ နာရီခွဲ အချိန် ဘိန်းဖြူများရောင်းချခိုင်းသူမျိုးကိုဦးနှင့် မဆန်ချင်းတိလ်တို့ ၂ ဦးအား ကလေးမြို့၊ တောင်ဇလပ် ရပ်ကွက်၊ နယ်မြေ(၁၀)၊ ဘုရင့်နောင်လမ်းဆုံတွင် ဆပ်ပြာခွက် ၆၆၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၆ ဒသမ ၆ ကီလို၊ TOYOTA MARK II မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၄,၃၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၈ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိဘိန်းဖြူများအား မန္တလေးမှ ဖိုးကျော် (ခ)ကျော်ကျော် (ခ)မော်သင်းနှင့်ဇနီး မခင်မိုးနွယ်(ခ)မိုးနွယ်တို့၏ အစီအမံဖြင့် မိတ္တူကူးစက် အဟောင်းများအတွင်း သိုဝှက်ပြီး ကလေးမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင်ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *