Headlines

မတူပီမြို့နယ်အတွင်း စစ်ကောင်စီဒေါက်တိုင်ကလွဲပြီး တော်လှန်ရေးအင်အားစုတွေ၊အဖွဲ့အစည်းတွေကို လွတ်လပ်စွာ သွားလာခွင့်ပြုဖို့ ဒေသ (၃) ပအဖ က သဘောထားထုတ်ပြန်

အောက်တိုဘာလ ၁၅ ရက်။

ချင်းပြည်နယ် မတူပီမြို့နယ်အတွင်း စစ်ကောင်စီဒေါက်တိုင်ကလွဲ၍ တော်လှန်ရေးအင်အားစုတွေရဲ့ စည်းလုံးညီညွှတ်မှုကို ဖော်ဆောင်စေမယ့် ယန္တရားနဲ့အဖွဲ့အစည်းများအား လွတ်လပ်စွာဖြတ်သန်းသွားလာ လုပ်ကိုင်ခွင့်ပြုရန် အပါအဝင် အချက် ၅ ချက်ကို ဒေသ(၃) ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ပါတယ်။

ကြားကာလ တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအကြား ဒေသအသီးသီးရှိ အုပ်ချုပ်ရေးနယ်မြေအတွင်းမှာ သဘောထားကွဲလွဲမှုတွေကို ရှေ့ရှုလျှက် မတူပီမြို့နယ် အမျိုးသားစည်းလုံးညီညွှတ်ရေးကို ဦးတည်၍ ညှိနှိုင်းရေးလမ်းစဉ်ဖြင့်သာ ဆက်လက် အဖြေရှာဖို့ အခုလို သဘောထားထုတ်ပြန်ရတဲ့အကြောင်း ဒေသ(၃) ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

မတူပီမြို့ပေါ်ကိုသိမ်းပိုက်ထိန်းချုပ်ထားတဲ့ CDF – မတူပီ၊ တပ်မဟာ – ၁ က ချင်းညီနောင်အဖွဲ့ကို လက်ခံမှ မတူပီမြို့ထဲကိုဝင်ခွင့်၊နေထိုင်ခွင့်ရမယ်လို့စည်းကမ်းသတ်မှတ်ထားတာကြောင့် ပလက်ဝ- မတူပီ လမ်းကြောတလျှောက်က Chinland Council ကိုထောက်ခံတဲ့ CDF – မတူပီ၊ တပ်ရင်း ၃ ထိန်းချုပ်ထားတဲ့ဒေသ ၃ နယ်မြေမှ ပြည်သူတွေဟာ မတူပီမြို့ပေါ်ကို ဝင်ခွင့်မရကြောင်းလွတ်လပ်စွာ သွားလာခွင့်၊ အရောင်းအဝယ်ပြုလုပ်ခွင့် မရပဲအခက်အခဲများ ကြုံတွေ့နေရ ကြောင်း မတူပီဒေသခံတွေဆီကသိရပါတယ်။

မတူပီမြို့နယ်အခြေစိုက် CDF-Matupi တပ်ဖွဲ့သည် တပ်မဟာ ၁ နှင့် တပ်မဟာ- ၂ အဖြစ် နှစ်ခြမ်းကွဲသွားခဲ့ပြီးနောက် တပ်မဟာ ၁ ဟာ ချင်းညီနောင်/ICNCC အဖွဲ့ဝင်ဖြစ်လာပြီး၊ တပ်မဟာ ၂ ဟာ Chinland Council အဖွဲ့ဝင်ဖြစ်ကြောင်းသိရပါတယ်။

မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖော်ဆောင်လျက်ရှိတဲ့ ညှိနှိုင်းရေးလမ်းစဉ်ဖြင့် အောင်မြင်မှုရလဒ်မရရှိခဲ့သော်လည်း အမျိုးသားစည်းလုံးညီညွှတ်ရေးကို ဦးတည်၍ အခြားမည်သည့်ဖြန့်ဖြေရေး အဖွဲ့အစည်းကိုမဆို လက်ခံညှိနှိုင်းမှုပြုလုပ်ရန်၊ မတူပီမြို့နယ်စည်းလုံးညီညွှတ်ရေးကို ထောက်ရှု့ပြီး CDF – Matupi တပ်မဟာ (၁) နှင့် တပ်မဟာ (၂) အကြားသဘောထားကွဲလွဲမှုကို ညှိနှိုင်းရေးလမ်းစဉ်ဖြင့် တိုက်တွန်းအဖြေရှာရန်။

မတူပီမြို့နယ်အတွင်း စစ်ကောင်စီဒေါက်တိုင်ကလွဲ၍ တော်လှန်ရေးအင်အားစုတွေရဲ့ စည်းလုံးညီညွှတ်မှုကို ဖော်ဆောင်စေမယ့် ယန္တရားနဲ့အဖွဲ့အစည်းများအား လွတ်လပ်စွာဖြတ်သန်းသွားလာ လုပ်ကိုင်ခွင့်ပြုရန်၊မူးယစ်ဆေးဝါးကလွဲ၍ ပြည်သူလူထု၏ စားဝတ်နေရေးအထောက်အကူပြု စေသော မည်သည့်ရောင်းဝယ်ဖောက်ကားမှုတွေကို ခွင့်ပြုရန်၊ ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့မှ မတူပီ – ပလက်ဝလမ်းမပေါ်ရှိ ဝလံပီကျေးရွာနဲ့ထေဘွေးကျေးရွာအကြား ထောက်ပို့လမ်းကြောင်းအဖြစ် ဆက်လက်အသုံးပြုမည်ဆိုပါက သက်ဆိုင်ရာဒေသခံအဖွဲ့အစည်းတွေနှင့် တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ရန်တို့ ကို ဒေသ(၃) ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သဘောထားထုတ်ပြန်ထားပါတယ်။

CDF – မတူပီ၊ တပ်မဟာ (၁) ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်က မတူပီမြို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက် CDF – မတူပီ၊ တပ်မဟာ (၁)က မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး မတူပီမြို့အုပ်ချုပ်ရေးလုပ်ငန်းတွေကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *