Headlines

သန်းခေါင်စာရင်းကောက်ယူရာမှာ ပူးပေါင်းပါဝင်တဲ့သူတွေကို ထိရောက်စွာ အရေးယူမယ်လို့ ချင်းညီနောင်အဖွဲ့က အသိပေး

စက်တင်ဘာလ ၃၀ ရက်။

ချင်းပြည်နယ်၊ ချင်းညီနောင် လှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရာမှာ ပူးပေါင်းပါဝင်တဲ့ မည်သည့်သူကိုမဆို ထိရောက်စွာအရေးယူမယ်လို့ ချင်းလက်နက်ကိုင် ၆ ဖွဲ့ စုစည်းထားတဲ့ချင်းညီနောင်အဖွဲ့က ဒီကနေ့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အခုလို ပြည်တွင်းစစ်မီးများနဲ့ တိုင်းပြည်မတည်မငြိမ်ဖြစ်နေပြီး ပြည်သူများစွာ စစ်ဘေး၊ သဘာဝဘေးအန္တရယ်တွေနဲ့ ရင်ဆိုင်နေရချိန် စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကို အသုံးပြုကာ အတင်းအဓမ္မ စစ်သားစုဆောင်းရန်နှင့် စစ်အာဏာရှင်စနစ်သက်ဆိုးရှည်နိုင်မယ့် အခြားကိစ္စတွေမှာ အသုံးပြုရန်အတွက် ရည်ရွယ်ပြီး သန်းခေါင်စာရင်းကောက်ယူဖို့ ပြင်ဆင်လာမှုသည် မိုက်ရှုးရဲဆန်ပြီး စစ်ကောင်စီ၏ အာဏာမက်မောမှုကို ပြနေခြင်းဖြစ်တယ်လို့ ချင်းညီနောင်က ထုတ်ပြန်ပါတယ်။

ဒါ့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီ၏ အဓမ္မလုပ်ရပ်အပေါ် ကူညီပံ့ပိုးခြင်း ပူးပေါင်းပါဝင်ခြင်းများ မပြုကြရန် တောင်းဆိုတယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက အောက်တိုဘာလ ၁ ရက်နေ့ကစလို့ ၁၅ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ယူဖို့ ပြင်ဆင်နေခြင်းက စစ်ကောင်စီ၏ အာဏာသက်ဆိုးရှည်ရေးအတွက် ရည်ရွယ်ခြင်းသာဖြစ်တယ်လို့လည်း ချင်းညီနောင်ဖွဲ့က ဆိုထားပါတယ်။

လာမည့် အောက်တိုဘာလ ၁ ရက်နေ့ကစလို့ သန်းခေါင်စာရင်းကောက်ယူတော့မှာနဲ့ ပက်သက်လို့ ချင်းပြည်နယ်အတွင်းက တော်လှန်ရေး အဖွဲ့အစည်းတချို့ကလည်း ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ထားကြပြီး ပူးပေါင်းပါဝင်တဲ့သူတွေကို ထိရောက်စွာ အရေးယူမှာဖြစ် ေကြာင်းအသိပေးထုတ်ပြန်ထားကြပါတယ်။

ချင်းလဲန်းကောင်စီကို လက်မခံတဲ့ ချင်းလက်နက်တော်လှန်ရေးအဖွဲ့များက ချင်းညီနောင်အဖွဲ့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်မှာ ဖွဲ့စည်းခဲ့ပြီး ချင်းအမျိုးသား အဖွဲ့ချုပ် (CNO)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် (မင်းတပ်)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF) အဖွဲ့ ၆ ဖွဲ့ပါဝင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *