Headlines

ရေဘေးကြောင့် တနိုင်ငံလုံးမှာ ပြည်သူ ၂၂၆ ဦးသေဆုံးပြီး၊၇၇ ဦး ပျောက်ဆုံးလျက်ရှိ

စက်တင်ဘာလ ၁၇ ရက်။

တိုင်ဖွန်းမုန်တိုင်း ရာဂိ အရှိန်ကြောင့် နိုင်ငံအဝှမ်းမှာ ရေကြီးရေလျှံမှုဖြစ်ခဲ့ကာ တနိုင်ငံလုံးမှာ ဒေသခံပြည်သူ ၂၂၆ ဦးသေဆုံးပြီး၊၇၇ ဦးပျောက်ဆုံးလျက်ရှိကြောင်းစက်တင်ဘာလ ၁၆ ရက်နေ့အထိ ကောက်ယူတဲ့စာရင်းကို စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ရာဂိမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြို့နယ် ၈၄ မြို့နယ်တို့မှာ ရုံး/ဌာန အဆောက်အဦး ၁၁၇ လုံး၊ စာသင်ကျောင်း ၁၀၄၀ ကျောင်း၊ ဘာသာရေး အဆောက်အဦး ၃၈၆ လုံး၊ လမ်း/တံတားအချို့၊ လျှပ်စစ်မီးတိုင်နဲ့ ဆက်သွယ်ရေးတိုင်တွေ ရေနစ်မြုပ်ခြင်း ဖြစ်ခဲ့ပြီး တိရိစ္ဆာန်မျိုးစုံ စုစုပေါင်း ၁၂၈၃၄၄ ကောင်သေဆုံးခဲ့ပြီး စပါးနဲ့ သီးနှံမျိုးစုံ စိုက်ဧက ၆၄၃၀၈၁ ဧက ရေဝင်နစ်မြုပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့တဲ့ မြို့နယ်ပေါင်းက ၅၆ မြို့နယ်မှာ လူနေအိမ် ၂၁၁၆ လုံးထိခိုက်ပျက်စီးခဲ့ပြီး အိမ် ၁၅၈၃၇၃ လုံး ရေဝင်နစ်မြှုပ်ခဲ့လို့ ရေးဘေးကယ်ဆယ်ရေးစခန်း ၄၃၈ ခုဖွင့်လှစ်ပြီး အိမ်ထောင်စု ၄၂၈၅၈ စု လူဦးရေ ၁၆၃၇၁၀ ဦးတို့ကို တပ်မတော် ကြက်ခြေနီ ပရဟိတအသင်းအဖွဲ့တွေက ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

တစ်နိုင်ငံလုံးမှာ ရေဘေးဒုက္ခသည်နှစ်သိန်းကျော်အထိရှိပြီး စစ်ကောင်စီထုတ်ပြန်ထားတဲ့ အခြေအနေထက် မြေပြင်မှာ ဒီထက်မက အရေအတွက် များနိုင်တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေပြောဆိုချက် အရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *