Headlines

တီးတိန်မြို့နယ်က အစိုးရ ဝန်ထမ်းများ လကုန်ရက်မှာ လစာရရှိနိုင်ခြင်း မရှိသေးဘဲ ပညာရေးဝန်ထမ်းများ အနေဖြင့် ၂ လစာ ရရှိရန် ကျန်နေကြောင်းသိရ

စက်တင်ဘာလ ၃၀ ရက်။

တီးတိန်မြို့နယ် အတွင်းရှိ အစိုးရ ဝန်ထမ်းများဟာ လစာပုံမှန် ထုတ်ပေးသည့် ရက်ဖြစ်သည့် စက်တင်ဘာ ၃၀ ရက်နေ့မှာ လစာ ရရှိနိုင်ခြင်း မရှိကြသေးဘဲ ပညာရေးဝန်ထမ်းများ အနေဖြင့် ဩဂုတ်လ နှင့် စက်တင်ဘာလ အတွက် ၂ လစာများ ရရှိရန် ကျန်နေကြောင်း တီးတိန်မြို့ခံ တစ်ဦးထံမှ သိရှိခဲ့ရပါတယ်။

“ပညာရေး ဝန်ထမ်းတွေကိုတော့ ဒီပတ် အတွင်း ကျန်ရှိတဲ့ လစာတွေနဲ့ အတူ ပေးနိုင်လိမ့်မယ်လို့ သိရတယ်။ ပြည်နယ်ရုံး ကနေ ငွေမလွှဲသေးလို့ မထုတ်ပေးနိုင်သေးတာလို့ လား ကြားရ ပါတယ်” လို့ အဆိုပါ ဒေသခံထံမှ သိရှိခဲ့ ရပါတယ်။

တီးတိန်မြို့တွင်း တိုက်ပွဲ ဖြစ်ပြီး နောက်ပိုင်းတွင် မြို့နယ် အတွင်းရှိ ပညာရေးဝန်ထမ်းများ အနေဖြင့် လစာကို ပုံမှန် ရရှိနိုင်ခြင်း မရှိတော့ဘဲ ဇူလိုင်လ ကုန်တွင် မေလ လစာကိုလည်းကောင်း၊ ဩဂုတ်လ ကုန်တွင် ဇွန် နှင့် ဇူလိုင် လစာကို လည်းကောင်း အသီးသီး ရရှိခဲ့ ကြပါတယ်။ အငြိမ်းစား လစာကို ငါးလခန့်ကြာ ထုတ်ပေး နိုင်ခြင်း မရှိတော့ရာမှ စက်တင်ဘာ ၂၃ ရက်နေ့ ကစပြီး တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်း ဝန်းထဲကနေ ပြန်လည် ထုတ်ပေးခဲ့ကြောင်းသိရပါတယ်။

“ဟားခါးမှာတော့ လေယာဉ်ဆင်းဖို့ အဆင်မပြေတာကြောင့် ဘဏ်မှာ ငွေကုန်လို့ ဇူလိုင်လကုန်မှာ မထုတ်ပေး နိုင်ခဲ့ဘူး။ ဒါပေမယ့် ဩဂုတ်လ မကုန်ခင် ပြန်ရတယ်လို့ သိရတယ်။ ဖလမ်းမှာတော့ ဝန်ထမ်း အားလုံးက ဒီနေ့ လစာရနိုင်ခဲ့ပြီလို့ သိရပါတယ်” လို့ ပညာရေး ဝန်ထမ်း တစ်ဦးက ပြောပြပါတယ်။

ချင်းပြည်နယ်မှာ မြို့နယ် ၉ မြို့နယ် ရှိရာမှ ဟားခါး၊ ဖလမ်း နှင့် တီးတိန် မြို့ သုံးခုမှာသာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေး ယန္တရားလည်ပတ်နိုင်ကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *